စပါး ဝ-၃ မန်ယူပွဲမှာ ရော်နယ်ဒိုနဲ့ မန်ယူအသင်း ရရှိသွားတဲ့ ထူးထူးခြားခြား စံချိန်များ
စပါးအသင်းကို (၃-ဝ) ဖြင့် အနိုင်ရတဲ့ အဝေးကွင်းပွဲစဉ်မှာ မန်ယူအသင်းအတွက် ကိုယ်တိုင် သွင်းဂိုး (၁) ဂိုး သွင်းပြီး ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ချယ်ဆီးဂန္တဝင်ကြီး ဒရော့ဘာ တင်ရှိထားတဲ့ စံချိန်တစ်ခုနဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ လိဂ်ပွဲစဉ်တစ်ပွဲအတွင်း သွင်းဂိုးနှင့် ဂိုးဖန်တီးမှု တစ်ပြိုင်နက်ပြုလုပ်နိုင်တဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသော ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာ (၃၆ နှစ်၊ ၂၆၇ ရက်၊ ၂၀၁၄)ရဲ့ စံချိန်မှတ်တမ်းလိုပဲ ရော်နယ်ဒိုကလည်း အသက် (၃၆)နှစ်၊ (၂၆၇)ရက်ဖြင့် မှတ်တမ်းတူကို ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။
ထူးခြားမှုတစ်ခုကတော့ အဆိုပါ မှတ်တမ်းရှင်တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဒရော့ဘာတို့ဟာ တူညီတဲ့ မှတ်တမ်းကို စပါးအသင်းကို ရင်ဆိုင်စဉ် ရခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် သြဂုတ်လအတွင်း နယူးကာဆယ်နဲ့ ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရိုင်ယန်ဂစ်သွင်းယူသော သွင်းဂိုးအတွက် ပေါလ်စခိုးလ်မှ ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့တယ်။ ထိုစဉ်က သူတို့ (၂)ဦးစလုံးမှာ အသက် (၃၄)နှစ်နဲ့အထက် ကစားသမားများဖြစ်ကြပါတယ်။
ယခု စပါးနဲ့ပွဲစဉ်မှာလည်း ကာဗာနီရဲ့သွင်းဂိုးကို စီရော်နယ်လ်ဒိုမှ ဖန်တီးမှုပြုလုပ်ပေးခဲ့တာကြောင့် ဂစ်နဲ့ ပေါလ်စခိုးလ်နောက်ပိုင်း မန်ယူအသင်းအတွက် အသက် (၃၄)နှစ်နဲ့ အထက် ကစားသမား (၂)ဦးက သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ပထမဆုံးအကြိမ် ပြန်လည် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝအတွင် စပါးအသင်းဘက်သို့ ပြိုင်ပွဲစုံ သွင်းဂိုး (၁၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် သူ့ရဲ့ အင်္ဂလန်ကစားသမားဘဝမှာ သွင်းဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ အင်္ဂလန်ပြိုင်ဘက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။