ဆာကာ စီးတီးပြောင်းဖို့ တိုက်တွန်းမှု၊ ချီးကျူးခံရတဲ့ အိုဒီဂတ်၊ မူဒရစ် တန်ကြေးနဲ့ ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ
မြောက်လန်ဒန်ဒါဘီအဖြစ် လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ အာဆင်နယ်နဲ့ အမ်းမရိတ်မှာ လာရောက် ကစားမယ့် တော့တင်ဟမ်ဟော့ စပါး အသင်းမှာ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ ဘင်ဒေးဗီးစ် ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။
အာဆင်နယ် အလိုရှိနေခဲ့တဲ့ ယူကရိန်းလက်ရွေးစင် တောင်ပံကစားသမား မိုက်ခေလို မူဒရစ် အတွက် ရှက်တာဒိုးနက် ဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ (ပေါင် ၄၃.၅ သန်း) သတ်မှတ်ထားတယ်လို့ သတင်းထောက် ရိုမာနိုက ဆိုပါတယ်။
အာဆင်နယ်နဲ့ အခုထိ စာချုပ်သစ် သက်တမ်း မတိုးနိုင်သေးတဲ့ တောင်ပံကစားသမား ဆာကာဟာ မန်စီးတီးထံ ပြောင်းသင့်တယ်လို့ အင်္ဂလန်ကွင်းလယ်လူဟောင်း စတိဗ် မက်မာနာမန်က တိုက်တွန်းလိုက်ပါတယ်။ ဂွာဒီယိုလာ အနေနဲ့လည်း စတာလင်ရဲ့ နေရာ အစားထိုးဖို့ ဆာကာက အသင့်တော်ဆုံးလို့ ၎င်းက အကြံပြုခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၃ ဂိုးသွင်းယူပေးထားတဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ဟာ မန်ချက်စတာစီးတီးရဲ့ ဖီးလ် ဖိုဒန်ထက် ပိုမိုကောင်းမွန်သူလို့ ကွင်းလယ်လူဟောင်း ပေါလ်မာဆန်က ချီးကျူးလိုက်ပြီး ဒီထက်ပို ခြေစွမ်းပြလိမ့်ဦးမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
ဂျပန် လက်ရွေးစင် နောက်ခံလူ တိုမီယာဆု ကတော့ ဒဏ်ရာတွေ၊ ကစားကွက် အသားကျဖို့ ကြိုးစားနေ ရတာတွေကြောင့် အရန်ခုံ ထိုင်နေရေပေမယ့် ပွဲထွက် ဦးစားပေး ဘန်ဝှိုက် နေရာကို ပြန်လည် လုယူမယ်လို့ သတိပေးခဲ့ပါတယ်။
ဒုတိယ ရာသီဝက်မှာ ပွဲကြပ်တွေကို ပိုမို ရင်ဆိုင်ရမှာဖြစ်တာကြောင့် အာဆင်နယ် နည်းစနစ် ဒါရိုက်တာ အီဒူး က အင်အားဖြည့်ဖို့ ရီးရဲလ်မက်မှ မားကို့စ် အဆန်စီယိုကို ဆောင်းရာသီဈေးကွက်မှာ ခေါ်ဖို့ ကြိုးစားနေပါတယ်။
ဆာကာ ရဲ့ လက်ရှိ စာချုပ်က သက်တမ်း တစ်နှစ်ခွဲ ကျန်ရှိနေသေးပေမယ့် အာဆင်နယ်ဘက်က တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ နဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပါတယ်။ ထိုလုပ်ခဟာ လက်ရှိ မူလ လုပ်ခ ၃၃၀၀၀ ထက် လေးဆနီးပါး တိုးမြှင့် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။