နှာခေါင်းက သွေး မြေကျခဲ့ပေမယ့် ပွဲချိန်ပြည့် ကစားပြီး ပေါ်တူဂီ ဂိုးပြတ်နိုင်ပွဲကို ဦးဆောင်ခဲ့တဲ့ ရော်နယ်ဒို
ပေါ်တူဂီအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ မနေ့ညက ချက်နဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးသမားနဲ့ ဘောလုံးလုယူဖို့ကြိုးစားရင်း နှာခေါင်းမှာ သွေးထွက်ကျတဲ့အထိ ဒဏ်ရာရရှိခဲ့ပါတယ်။
ထိုပွဲမှာ ပေါ်တူဂီက ၄-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ရော်နယ်ဒိုတယောက် ဂိုးရဖို့ ကြိုးစားရင်းနဲ့ ဒဏ်ရာရရှိခဲ့ကာ ဆေး ကုသမှုတွေ ခံယူခဲ့ရပြီး သူ့မျက်နှာကို မြင်တွေ့ခဲ့ရတာက စိတ်မသက်မသာဖြစ်စရာရှိနေခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟာ ပွဲကစားချိန် ၁၃မိနစ်မှာ ချက်ဂိုးသမား သောမတ်ဗာကလစ်နဲ့ အမြင့်ဘော ယှဉ်လုခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ သူတို့နှစ်ယောက်တိုက်မိခဲ့ပြီး ကွင်းပေါ်ပြန်ပြုတ်ကျချိန်မှာ မျက်နှာနဲ့ မြက်ခင်းပြင် ထိခိုက်မိခဲ့တယ်လို့ ယူဆရပါတယ်။

အဲဒီနောက် ရော်နယ်ဒိုရဲ့ နှာခေါင်းကနေ သွေးတွေစီးကျလာခဲ့ပြီး ကွင်းအတွင်းမှာပဲ ဆေးကုသမှုခံယူခဲ့ရကာ ဆက် ကစားနိုင်ဖို့ မသေမချာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒဏ်ရာကုသအပြီးမှာ ပြန်ကစားခဲ့ပြီး ပွဲပြီးဆုံးချိန် အထိ ပါဝင်ခဲ့ကာ အသင်းဖော် ဂျိုတာ အတွက် သွင်းဂိုးတဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားကြီးဟာ ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်မရသလို သွင်းဂိုးတွေလည်း ပျောက်ဆုံးနေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီကတဆင့် သွင်းဂိုး တဂိုးတည်းသာ ရရှိထားလို့ ဖိအားတွေကို ခံစားနေရသူလည်းဖြစ်ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုက ပေါ်တူဂီမှာတော့ အသင်းခေါင်းဆောင်အဖြစ် ပုံမှန်ပါဝင်ခွင့်ရနေဆဲဖြစ်ကာ မနေ့က သူ့ရဲ့ ကြိုးစားအားထုတ်မှုကတော့ အသိအမှတ်ပြုဖွယ်ရာရှိခဲ့ပါတယ်။ ဒဏ်ရာအခြေအနေကလည်း ပြင်းထန်မှုမရှိတာကြောင့် အင်္ဂါနေ့မှာကစားရမယ့် စပိန်နဲ့ပွဲကို ဆက်လက်ကစားနိုင်မှာဖြစ်ပြီး ပေါ်တူဂီတို့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အသင်းကို ကူညီပေးနိုင်ဦးမှာလည်းဖြစ်ပါတယ်။
အသက် ၃၈ နှစ်ထဲရောက်နေပြီဖြစ်တဲ့ ရော်နယ်ဒိုက အမြင့်ခုန်နိုင်စွမ်းအားကောင်းနေဆဲဖြစ်သလို မိနစ် ၉၀ လုံး ဝင် ကစားနိုင်ခဲ့တာကို မြင်တွေ့ရတာက သူ့ပရိသတ်တွေကို ကျေနပ်စေခဲ့ပါတယ်။ ရော်နယ်ဒို ပရိသတ်တွေကတော့ ကစားသမားရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကြံ့ခိုင်မှုကို ချီးကျူးနေကြပါတယ်။