အခုထိ ဂိုးမရသေးပေမယ့် ဒီရာသီ ချဲလ်ဆီးအတွက် အူဘားမီးယန်း ဘယ်နှဂိုးသွင်းမလဲ ဟောကိန်းထုတ် ခန့်မှန်းမှု

ဝါရင့် တိုက်စစ်မှူး အူဘားမီးယန်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်နောက်ဆုံးရက် မှာ ဘာစီလိုနာကနေ ချဲလ်ဆီး အသင်းထံ ယူရို ၁၂သန်း၊ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ ဂါဘွန်သားဟာ လက်ရှိ အချိန်ထိ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ် ၂ပွဲဆက် ပွဲထွက်ပေးထားပါတယ်။

အူဘားမီးယန်း က ချဲလ်ဆီးမှာ ဂိုးပေါက်တော့ မတွေ့သေးပေမယ့် ၎င်းပါဝင်ခဲ့တဲ့ ၂ပွဲလုံးမှာ တိုက်စစ်က ဂိုးရနိုင်ခြေ များစွာ မြင်ခဲ့ရသလို တိုက်စစ် တွဲလုံးကောင်း အချို့လည်း ဖန်တီးနိုင်ခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ်ရှိ အူဘားမီးယန်း ဟာ ယခင် အာဆင်နယ် အသင်းမှာ ဂိုးသွင်းအများဆုံးသူ အဖြစ် ပုံမှန် ရှိခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်ကတော့ အူဘားမီးယန်း ဟာ ဒီရာသီ အသင်း အတွက် ဂိုး ၂၀ လောက်ထိ သွင်းပေးနိုင်ကြောင်း ခန့်မှန်းသွားခဲ့ပါတယ်။

ဟက်ဆယ်ဘိန့်ခ် က ” အူဘားမီးယန်းဟာ ဘာစီလိုနာမှာ ခြေစွမ်း အထူး ပြနိုင်ခဲ့တယ်။ ဂိုးတွေ သွင်းနိုင်ခဲ့တယ်၊ သူဟာ လာမယ့် ၂နှစ်စာ အတွက် ချဲလ်ဆီးရဲ့ ကောင်းမွန်တဲ့ ခေါ်ယူမှု တရပ် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒါဟာ ၄ ၊ ၅နှစ်လောက် ကြာမယ့် ခေါ်ယူမှုလို့ မထင်ဘူး။ ”

” ဒါဟာ ၂နှစ်စာ အတွက် ခေါ်ယူခြင်းသာ ဖြစ်ပါတယ်။ သူဟာ ဂိုးပေါက် ဘယ်နေရာမှာ ရှိတယ် ဆိုတာ သိတာကြောင့် ဂိုးတော့ သွင်းနိုင်ပါလိမ့်မယ်။ တူချယ် ရှိနေခဲ့လို့သာ သူ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမယ့် ၊ ဘောလုံးမှာ တခါတလေ မထင်မှတ်ထားတဲ့ မန်နေဂျာ အဝင်အထွက်မျိုးတွေ ဖြစ်တတ်ပါတယ်။ ”

” သူ့ရဲ့ ကစားသမား ဘဝ ရှေ့ဆက် တက်လှမ်းဖို့ လိုတာကြောင့် သူ့အနေနဲ့ တခြား ကစားသမားတွေ နည်းတူ ရှေ့ဆက် စွမ်းဆောင်ပြရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒါက ထွေထွေထူးထူး ပြဿနာ ဖြစ်စေမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ အူဘားမီးယန်း ဟာ ဒီရာသီ ဂိုး ၂၀ သွင်းပေးနိုင်ပါတယ်။ ” လို့ သုံးသပ်ခဲ့ပါတယ်။

အရင် ၂နှစ် အတွင်း ချဲလ်ဆီးတို့ ခေါ်ခဲ့တဲ တီမို ဗာနာ ၊ ရိုမီလူ လူကာကူတို့ ဂိုးအလုံအလောက် မသွင်းနိုင်ခဲ့ကြတာနဲ့ ပတ်သတ်ပြီးလည်း ဟက်ဆယ်ဘိန့်ခ် က ” အူဘားမီးယန်း ဟာ လူကာကူနဲ့ ကစားပုံ မတူတဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် သူ ဂိုးသွင်းနိုင်မှာပါ။ နောက်ပြီး သူဟာ ဗာနာနဲ့လည်း ကစားပုံ မတူပါဘူး။ ”

” ကျဉ်းမြောင်းတဲ့ ဧရိယာတွေမှာ သူ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူ့ရဲ့ ရွေ့လျားပုံတွေ ပိုကောင်းလာမှာလား ? သေချာတာပေါ့ ။ ရှေ့ပွဲတွေမှာ သူ့ရဲ့ နေရာယူပုံ အချို့ လွဲခဲ့ပြီး ၊ လူကျွံခဲ့ပါတယ်။ ဒါပေမယ့် နောက်တကြိမ်ဆို သူ ပိုကောင်းတဲ့ နေရာယူပုံတွေ လုပ်ပြပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။