ဒီနှစ်တော့ အရင်နှစ်လို မဟုတ်တော့ဘူး သေချာပြီလို့ ထုတ်ပြောလာတဲ့ လီယွန်နယ် မက်ဆီ

GOAT တစ်ဦး ဖြစ်တဲ့ ဘာစီလိုနာ ကြယ်ပွင့်ဟောင်း လီယွန်နယ် မက်ဆီဟာ နောက်ဆုံးတော့ အသင်းသစ် ပီအက်စ်ဂျီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီဖြစ်ပြီး ဘာစီလိုနာကနေ ထွက်ခွာပြီးနောက် ပြင်သစ်မှာ အထိုင်ကျဖို့ တစ်နှစ် အချိန် ယူခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မနှစ်က ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၁ ဂိုးသာ သွင်းယူခဲ့တဲ့ ပွဲဦးထွက်ရာသီအပြီး မက်ဆီဟာ ဒီရာသီမှာတော့ ပီအက်စ်ဂျီ အတွက် ဂိုးနဲ့ ဖန်တီးမှုတွေ အများကြီး လုပ်ပေးနေတာ ဖြစ်ပါတယ်။

ဟွန်ဒူးရပ်စ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲအတွင်း အာဂျင်တီးနားအတွက်၂ ဂိုးသွင်းယူပေးခဲ့ပြီးနောက် မက်ဆီက သူ့ အခြေအနေကို ထုတ်ပြောလာခဲ့တာပါ။

“ကျွန်တော် မနှစ်ကနဲ့မတူပဲ ခံစားချက်ကောင်းနေပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာ သိပြီးသားပါ။ မနှစ်က ကျွန်တော့် မှာ ဆိုးရွားတဲ့ အချိန်တွေရှိခဲ့တယ်၊ ဘယ်တော့မှ ကိုယ့်ကိုယ်ကို ရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့် ဒီနှစ်က မတူတော့ပါဘူး။ ကျွန်တော်က ကလပ်၊ အဝတ်လဲခန်း၊ ပွဲတွေနဲ့ အသင်းဖော်တွေနဲ့ ပိုပြီး အသားကျလာခဲ့တယ်။ ကျွန်တော် ခံစားချက် အရမ်းကောင်းနေပြီး ကိုယ့်ကိုယ်ကို ထပ်မံကျေနပ်နေပြီဆိုတာ အမှန်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ နောက်ဆုံး လီဂူးဝမ်းပွဲမှာ လိုင်ယွန်ဘက်ကို အနိုင်ဂိုး သွင်းယူခဲ့ပြီးတော့ ကစားသမားဘဝ ပင်နယ်တီ မပါတဲ့ ရော်နယ်ဒိုရဲ့ ၆၇၁ ဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

သူဟာ ကလပ်အတွက် လိဂ် ၈ ပွဲမှာ ၄ ဂိုး သွင်းယူထားခဲ့ပြီး အမ်ဘာပေနဲ့ နေမာကြောင့် အနှုတ်လက္ခဏာ ဆောင်တဲ့ သတင်းတွေ ထွက်နေတဲ့ကြားက အာဂျင်တိုင်းသားဟာ တည်တည်ငြိမ်ငြိမ် လွှမ်းမိုးထားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားကို နောက်ထပ် နိုင်ငံတကာ ဖလားတစ်လုံး အောင်မြင်စေခဲ့ပြီးနောက် မက်ဆီနဲ့ သူ့အသင်းဖော်တွေဟာ ၂၇ ရက်နေ့မှာ ဂျမေကာနဲ့ တွေ့ရမှာဖြစ်ပြီး အဲ့ဒါပြီးရင် ကလပ်အသင်းတာဝန်တွေဆီပြန်သွားပြီး အောက်တိုဘာ ၁ ရက်နေ့မှာ နိုက်စ်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။