အင်္ဂလန် သရေပွဲအတွက် ချီးကျူးကာကွယ်တဲ့ ဆောက်ဂိတ်၊ အာရူဂျို၊ ဘာစီလိုနာ အတွဲနဲ့ ယနေ့ နံနက်ခင်း ဘောလုံး သတင်းတိုများ
လာမယ့် ရက်ပိုင်းအတွင်း ခွဲစိတ်မှု ခံယူဖို့ စီစဉ်ရခြင်းဟာ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လက်ရွေးစင် ဥရုဂွေး အတွက် ပါဝင်ကစားလိုခြင်း မရှိ၍ မဟုတ်ကြောင်း ဘာစီလိုနာ နောက်ခံလူ အာရူဂျိုက ရှင်းလင်း ပြောဆို သွားခဲ့ပါတယ်။ အာရူဂျို က ဒဏ်ရာကို ခွဲစိတ်ကုသမှုပြီးရင် ၂ လ ခွဲလောက် နားရတော့မှာပါ။
ညက ကစားခဲ့တဲ့ အင်္ဂလန် အသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ နေးရှင်းလိဂ် ပွဲစဉ် ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ ၃-၃ ရလဒ် ထွက်ပေါ်ခဲ့ပြီး အီတလီကတော့ ဟန်ဂေရီကို ၂ ဂိုးပြတ် ထပ်မံအနိုင်ရယူနိုင်ခဲ့ပါတယ်။
ဂျာမနီ အသင်း ကွင်းလယ် တိုက်စစ်ကစားသမား ဂန်ဒိုဂန်ကတော့ အင်္ဂလန် အသင်းကို ပွဲပြီးခါနီး ၈၇ မိနစ်အရောက် သွင်းဂိုးနဲ့ သရေရလဒ် ရရှိအောင် ကစားနိုင်ခဲ့တဲ့ အသင်းရဲ့ စိတ်ဓါတ်ကို ချီးကျူးသွားခဲ့ပြီး ကမ္ဘာ့ဖလားအတွက် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ်ကတော့ ဂျာမနီရဲ့ ၂ ဂိုးပြတ် ဦးဆောင်ခြင်းကို နောက်ကနေ သွင်းဂိုး ၃ ဂိုး အထိ ပြန်လည် သွင်းယူနိုင်ခဲ့ကြတဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ပွဲအပြီး ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒါ့အပြင် ဝေဖန်မှုတွေ ခံနေရတဲ့ မက်ဂွဲရားနဲ့ ဂိုးသမား နစ်ပုတ်ဘက်ကလည်း ကာကွယ် ပြောဆိုခဲ့ပါတယ်။
စီးရီးအေ ကလပ် ဂျူဗင်တပ် ဟာ ချဲလ်ဆီး အသင်းရဲ့ အမေရိက ကွင်းလယ်လူ ခရစ်ရှန် ပူလီဆစ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းထွက် လာခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ပူလီဆစ် အတွက် ပေါင် သန်း ၃၀ ဈေးသတ်မှတ် ထားကြောင်း သိရပါတယ်။
ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး နေမာကတော့ မက်ဆီတစ်ယောက် ပြင်သစ်မြေမှာ အသားကျ ပျော်ရွှင်နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ယာယီနည်းအဖြစ် ခတ္တတာဝန်ယူခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ကားရစ်ကတော့ အဲရစ်ဆင် အခုလို မြန်မြန်ဆန်ဆန် ခြေစွမ်းပြသနိုင်မှုအပေါ် အံ့အားသင့်ခြင်း မရှိကြောင်း ပြောဆိုချီးကျူးသွားခဲ့ပါတယ်။
ဂျူဗင်တပ် အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ကတော့ အာဆင်နယ် အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်ရှိ အသင်းကို စွန့်ခွါဖို့ စိတ်ကူး မရှိကြောင်း သိရပါတယ်။
ဘာစီလိုနာရဲ့ နယ်သာလန် လက်ရွေးစင် ကစားသမားတွေ ဖြစ်ကြတဲ့ ဖရန်ကီ ဒီယွန် နဲ့ မမ်းဖစ်ဒီပိုင်း တို့ရဲ့ ဒဏ်ရာအခြေအနေ တွေလည်း ထွက်ပေါ်လာခဲ့ပါပြီ ။ ဒီပိုင်း ဟာ ၃-၄ ပတ်လောက် နားရဖို့ ရှိနေပေမယ့် ဖရန်ကီ ဒီယွန် ကတော့ ဒဏ်ရာ မပြင်းထန်တာကြောင့် ၁ ပတ် ၁၀ ရက်လောက်သာ နားရမယ်လို့ သိရပါတယ်။