မက်ဂွိုင်းယား ကို အင်္ဂလန်လူစာရင်းကနေ ဘယ်တော့ ထုတ်မလဲ တခါတည်း ပြောလိုက်တဲ့ နည်းပြ ဆောက်ဂိတ်
အင်္ဂလန် လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်က ဂျာမနီနဲ့ ကစားခဲ့တဲ့ တနင်္လာနေ့ညပွဲစဉ်မှာ အမှားတွေ ထပ် လုပ်ခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားဘက်ကနေ နောက်ထပ်တစ်ကြိမ် ကာကွယ်ပေးခဲ့ပြီး မန်ယူနိုက်တက် အသင်းခေါင်းဆောင် ကို လူစာရင်းကနေ ထုတ်ပယ်ဖို့က အလွန်ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်မှပဲ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဟာရီ မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းက နေရာကို ဆုံးရှုံးခဲ့ရပေမယ့်လည်း လက်ရွေးစင်နည်းပြရဲ့ ယုံကြည်မှုပေးခြင်းကို ဆက်လက် ရရှိနေဆဲဖြစ်ပြီး အီတလီ၊ ဂျာမနီတို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တနင်္လာနေ့ညက ဝင်ဘလေမှာ နောက်ထပ်တစ်ကြိမ် ကြီးမားတဲ့အမှားတွေကို ပြုလုပ်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပြီး မက်ဂွိုင်းယားဟာ ဂျာမနီအသင်းကို ပင်နယ်တီ လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားကို အားပေးထောက်ခံမှုကြောင့် ဝေဖန်ခံ နေရ ပေမယ့်လည်း ဂျာမနီ၊ အီတလီတို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်က မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်က အထင်ကြီးဖွယ် ကောင်းခဲ့ပြီး ၎င်းရဲ့အမြင်ကို ပြောင်းလဲနိုင်ဖို့ ဒီထက်ပိုမိုပြင်းထန်တဲ့အရာတွေလိုအပ်တယ်လို့ ပြောကြားပြီး ဆက်လက် ထောက်ခံ သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“အားလုံးက ဟာရီအပေါ်မှာ အာရုံစိုက်နေကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီ ၂ ပွဲအတွင်းမှာ ဟာရီ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အရမ်း အရေးပါတဲ့အခိုက်အတန့်အချို့လည်း ရှိခဲ့ပါတယ်။
လုခ် ရှောက နောက်ထပ် ဥပမာ ပေးရမယ့် တယောက်ပါ။ သူက အရမ်းထူးချွန်တဲ့ ဘောလုံးသမားပါ။ အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ။ လုခ်ရှောကို ဘောလုံးကစားချိန် လုံလုံလောက်လောက် မရလို့ မရွေးချယ်ဘဲနေမှာလား ဒါမှမဟုတ် ကျွန်တော်တို့ ဒီညမြင်တွေ့ခဲ့တဲ့အရာတွေကို လုပ်နိုင်တဲ့ ကစားသမားကို ရွေးချယ်မှာလား”
” ဒါက အမြဲတမ်း အငြင်းအခုံဖြစ်စေမှာပါ။ ဒါပေမယ့် ဒီလိုအခိုက်အတန့်တွေက ကျွန်တော်တို့ အကောင်းဆုံးပုံစံကို ပြန်ရစေတယ်လို့ ထင်ပြီး ကျွန်တော်တို့ရဲ့ အခြေအနေက လုံးဝကို ခုခံကာကွယ်လို့မရလုနီးပါးဖြစ်နေတဲ့ အခြေအနေ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ရဲ့အတွေ့အကြုံအရှိဆုံးကစားသမားတွေကို မရွေးချယ်ဘဲနေဖို့က မဖြစ်နိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။