လူကာ မိုဒရစ် လက်သစ်လို့ နာမည်ကြီးသူကို ခေါ်ယူဖို့ အာဆင်နယ် ကင်းထောက်လွှတ် စောင့်ကြည့်နေ
အာဆင်နယ်အသင်းဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် လူကာ မိုဒရစ် လက်သစ်လို့ နာမည်ကြီးနေတဲ့ ကွင်းလယ်တိုက်စစ် ကစားသမားလေး လိုဗရို မိုင်ယာကို အထူးသဘောကျ နှစ်ခြိုက်နေကာ ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
နည်းပြ မီကေလ် အာတေတာဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်မှာလည်း အာဆင်နယ်အသင်းရဲ့ လူအင်အားကို အင်အားထပ်မံဖြည့်တင်းသွားလိုနေပြီး ကွင်းလယ်ကို အလေးပေးသွားမယ်လို့လည်း Mirror သတင်းဌာနက ဖော်ပြထားပါတယ်။
ကွင်းလယ်အတွက် ပစ်မှတ်ကစားသမားစာရင်းထဲမှာ ယူရီ တီလီမန်းစ်၊ ဒေါက်ကလက် လူးဝစ်ဇ်တို့လို ကစားသမားတွေ ရှိထားနှင့်ပြီး ဖြစ်ပေမဲ့လည်း ပြင်သစ်ကလပ် ရန်းစ်အသင်းရဲ့ ကြယ်ပွင့်လေး မိုင်ယာကို အနာဂတ်အတွက်ပါ ရည်ရွယ်ပြီး ခေါ်ယူသွားလိုနေတာကြောင့် မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။

မိုင်ယာဟာ လက်ရှိပြသနေတဲ့ အရည်အသွေးတွေကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားအသင်းရဲ့ ဂန္ထဝင် ကစားသမားကြီး လူကာ မိုဒရစ်နဲ့ နှိုင်းယှဉ်ခြင်း ခံရနေရသူ ဖြစ်ပါတယ်။ မိုဒရစ်ဟာ ကစားသမားဘဝ အစောပိုင်းတုန်းက မိုင်ယာလိုပဲ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် စတင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာမှ ကွင်းလယ်အထိုင်ကို ပြောင်းလဲ ကစားခဲ့သူ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာလည်း မိုင်ယာဟာ အခုလို ကူးပြောင်းကစားနိုင်စွမ်းရှိသူဖြစ်တယ်လို့ ယုံကြည်နေပြီး ဝါရင့်ကွင်းလယ်ကစားသမား ဂရာနစ် ချာကာနေရာမှာ ရေရှည်အစားထိုးသွားနိုင်မဲ့ ကစားသမားအဖြစ် ရှုမြင်နေတာပဲ ဖြစ်ပါတယ်။
အဲဒီအတွက် ကင်းထောက်တွေစေလွှတ်ကာ အဆက်မပြတ် စောင့်ကြည့်နေတာဖြစ်ပြီး အသက် ၂၄ နှစ်သားလေးကို ဒိန်းမတ်နဲ့ ခရိုအေးရှားအသင်းတို့ ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မှာလည်း ဂန်းနားတို့ရဲ့ ကင်းထောက်တွေ လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပွဲမှာ မိုင်ယာအနေနဲ့ ပွဲထွက်လူစာရင်းထဲ မပါခဲ့ပေမဲ့လည်း ဒုတိယပိုင်းမှာတော့ လူစားဝင်ရောက်ကစားခဲ့ပြီး ခရိုအေးရှားအသင်းအတွက် ပွဲချိန် ၇၉ မိနစ်မှာ အနိုင်ဂိုးပါ သွင်းယူသွားခဲ့တာကြောင့် စိတ်ကျေနပ်စရာ ပွဲတပွဲတော့ ဖြစ်ခဲ့ပါတယ်။