မန်ယူအသင်း ခေါ်သင့်တဲ့ တိုက်စစ်မှုးကို လမ်းညွှန် အကြံပြုလိုက်တဲ့ ကစားသမားဟောင်း မိုက်ကယ်အိုဝင်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြသစ် တန်ဟက်လက်ထက် နွေရာသီအတွင်း ကစားသမားသစ် ၆ဦး ထိ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် တိုက်စစ်မှူး နေရာက လာမယ့်နွေရာသီအတွက် အဓိကပစ်မှတ် ဖြစ်လာနိုင်ပါတယ်။
ရော်နယ်ဒိုနဲ့ မာရှယ်တို့ရဲ့ အနာဂတ်တွေက မရေရာသေးပဲ တိုက်စစ်မှူးနေရာအတွက် လိုအပ်ချက်တွေ ရှိလာတဲ့ အခြေအနေမှာ ဘယ်ကစားသမားကို ဖြည့်တင်းမယ်ဆိုတာက စဉ်းစားစရာ ဖြစ်လာပါတယ်။
မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ တိုက်စစ်ပိုင်းနေရာအတွက် မကြာသေးမီကမှ အင်္ဂလန် အသင်းက ရွေးချယ်ထားခဲ့တဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူသင့်ကြောင်း လမ်းညွှန်အကြံပြု တိုက်တွန်းခဲ့ပါတယ်။

အိုဝင်က “အရင်က တိုက်စစ်မှူးတွေရဲ့တာဝန်ဟာ တစ်ဦးချင်းကျော်ဖြတ်မှုရော၊ အထောင်တိုက်စစ်မှူး အနေနဲ့ရော ကစားနိုင်ဖို့ ဖြစ်ပါတယ်။ အခုခောတ်မှာတော့ ဟာလန်း၊ တိုနေးတို့လို တိုက်စစ်မှူးတွေကို ကြည့်လိုက်ရင် သူတို့ ဒီထက် ပိုလုပ်နိုင်နေတာကို တွေ့ရပါတယ်”
“သူတို့ ပြိုင်ဘက်ခံစစ်မှူးနောက်ကို ပြေးလိုက်နိုင်ပြီး အားကစားစိတ်ဓာတ်လည်း ပြည့်ဝကာ မတူညီတဲ့ ဂိုးတွေကို သွင်းယူနိုင်ပါတယ်”
“တိုနေးကို ကျွန်တော်ကြိုက်တာတစ်ခုက သူ့ကိုလွတ်သွားတာနဲ့ ဘယ်ခံစစ်မှူးမှ ပြန်မလိုက်နိုင်တာပါ။ သူက အရမ်း သန်မာပြီး လွတ်သွားတာနဲ့ တန်းကန်တာပါပဲ”
“သူ့လို ခန္ဓာကိုယ်မျိုးနဲ့ ဖရီးကစ်သွင်းနိုင်ဖို့ဆိုတာ တော်တော်လေး ကောင်းတဲ့ အခြေအနေပါ။ သူ့လို အရပ်အမောင်းမျိုးနဲ့ ဒီလိုဂိုးတွေ သွင်းယူနိုင်တယ်ဆိုတာ မယုံနိုင်စရာပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။