ဥရောပ ထိပ်သီးကလပ်တွေ အပြိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ ဘယ်လင်ဟမ် ဘယ်အသင်းကို ရွေးချယ်သွားမလဲ

ဒေါ့မွန်စတား ဂျူ့ ဘယ်လင်ဟမ်ဟာ လီဗာပူး မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီး နဲ့ မန်စီးတီး တို့ကို ကျော်ကာ ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်းရွေ့သွားနိုင်တယ်လို့ အင်္ဂလန် ဂိုးသမားဟောင်း ဖြစ်သူ ဒေးဗစ်ဂျိမ်းက ဆိုလိုက်ပါတယ်။

စပိန် အင်အားကြီး ကလပ် နဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် ၃ သင်းဟာ အသက် ၁၉ နှစ် အရွယ် ကစားသမားကို ခေါ်ယူသွားရန် စိတ်အားထက်သန်နေကြပြီး ဘယ်လင်ဟမ်ဟာ လက်ရှိမှာ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ဦး အဖြစ် ယူဆခံထားရသူ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ လီဗာပူး နဲ့ မန်ယူနိုက်တက် တို့ဟာ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံး ဖြစ်နေပြီး မန်စီးတီး ကလည်း အင်္ဂလန်စတားကို ခေါ်ယူနိုင်ရန် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါပေမယ့် စပိန်မှာ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ သတင်းများ အရ ဒေါ့မွန်စတားဟာ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ လာလီဂါ နဲ့ ချန်ပီယံလိဂ် ရဲ့ လက်ရှိ ချန်ပီယံ အသင်းထံ ပြောင်းရွေ့ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုထားပါတယ်။

ဒေါ့မွန် ဘက်ကတော့ လာမည့် နွေရာသီမှာ သူတို့ရဲ့ ကစားသမားကို ခေါ်ယူချင်တဲ့ ဘယ်အသင်း မဆို အနည်းဆုံး ပေါင်သန်း ၁၀၀ အထက်ကို ပေးချေသွားရမယ်လို့ ဆိုထားခဲ့ပြီး ဒေးဗစ်ဂျိမ်းက ရီးရဲလ်မက်ဒရစ်ဟာ အင်္ဂလန် လက်ရွေးစင်ကို ခေါ်ယူသွားနိုင်လိမ့်မယ်လို့ ခံစားမိကြောင်း ဆိုခဲ့ပါတယ်။

ဂျိမ်းက “ကျွန်တော်ကတော့ ဘယ်လင်ဟမ်ဟာ ချီးကျူးမှုတွေနဲ့ ထိုက်တန်မှု ရှိတယ်လို့ ယုံကြည်ပါတယ်။ သူဟာ အခုမှ အသက် ၁၉ နှစ်သာ ရှိပါသေးတယ်။ သူဟာ စီနီယာ အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားထားခဲ့ပြီး ဖြစ်တဲ့ အပြင် နိုင်ငံအသင်းအတွက်လည်း ၁၇ ပွဲ ကစားထားပါတယ်။

ကျွန်တော် ကတော့ သူဟာ တကယ့် ပါရမီရှင် တစ်ဦးလို့ ထင်ပါတယ်။ ကျွန်တော် သူနဲ့ အပြင်တွေ့ဆုံ စကား ပြောခဲ့ဖူးတဲ့ အပြင် သူနဲ့ အတူ အလုပ်လုပ်ခဲ့ဖူးသူတွေရဲ့ ပြောကြားချက် အရလည်း သူဟာ အသက် ၁၉ နှစ် အရွယ် ကစားသမားတွေ ထဲမှာ ကိုယ့်ကိုကိုယ့် အနှိမ့်ချဆုံးလို့ သိရပါတယ်။

သူဟာ ဂျာမနီကို ကိုဗစ်ကာလ အတွင်းမှာ ပြောင်းရွေ့ခဲ့တာ ဖြစ်ပြီး ဒါဟာ အားလုံး အတွက် ခက်ခဲတဲ့ အချိန် ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အဲဒီမှာ လျှင်မြန်စွာနဲ့ အထိုင်ကျအောင် အကောင်းဆုံး လုပ်ပြခဲ့ပါတယ်။

သူဟာ အဲဒီမှာ တိုးတက်မှု ရှိလာခဲ့တာကြောင့် ဒါဟာ မှန်ကန်တဲ့ အပြောင်းအရွေ့ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဟာ သူ့ကို ပရီးမီးယားလိဂ် အရမ်း မြင်တွေ့ချင်ပေမယ့် ရီးရဲလ်မက်ဒရစ် ဘက်ကသာ သူ့ကို ကမ်းလှမ်းမှု လုပ်ခဲ့မယ် ဆိုရင် သူဟာ ဒီအပြောင်းအရွေ့ကို ဝမ်းမြောက်ဝမ်းသာ လက်ခံ သွားမယ် ဆိုတာ သေချာပါတယ်။

ဒေါ့မွန် အနေနဲ့ ကတော့ ၂ နှစ်တာ ကာလအတွင်း သူတို့ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးကို ဆုံးရှုံးရမယ့် အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဘယ်လင်ဟမ်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ က ဘာမင်ဂမ် ကနေ ဒေါ့မွန်ကို ပြောင်းရွေ့ခဲ့သူ ဖြစ်ပြီး အချိန်တို အတွင်းမှာ ဘွန်ဒက်လီဂါ ကလပ်ရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ကာ ပွဲပေါင်း ၁၀၀ ကစားထားပြီး ၁၃ ဂိုး သွင်းယူ ပေးထားခဲ့ပါတယ်။