ချဲလ်ဆီးထံ တရားဝင် ရောက်မလာသေးပေမယ့် ဆေးတောင် ကြိတ် စစ်ထားပြီ ဖြစ်တဲ့ အန်ကန်ကူ

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေ တုန်းက လိုက်ပ်ဇစ် အသင်းရဲ့ ပြင်သစ် လက်ရွေးစင် စတား ခရစ်တိုဖာ အန်ကန်ကူ ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး တိတ်တဆိတ် ဆေးစစ်မှုပါ ပြုလုပ်နိုင်ခဲ့ကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် ဖြစ်သူ မတ်လော က ဖော်ထုတ်လိုက်ပါတယ်။

အန်ကန်ကူ ဟာ ဒီနွေတွင်းမှာပဲ လိုက်ပ်ဇစ်နဲ့ စာချုပ်သစ် ချုပ်ဆိုထားတာကြောင့် ချဲလ်ဆီး အနေနဲ့ ၎င်းကို ခေါ်ယူ လိုပါက စာချုပ်ပါ လျော်ကြေး ပေါင် ၅၂.၅၈သန်း ပေးချေဖို့ လိုကြောင်း အကြမ်းဖျင်း သိရပါတယ်။

ချဲလ်ဆီး ဟာ ယင်းပြင်သစ်တိုက်စစ် ကစားသမားကို ခေါ်ယူဖို့ ဖရန့်ဖတ်မှာ အရိုးအကြော ဆရာဝန် တဦးနဲ့ စေလွှတ်ပြီး တိတ်တဆိတ် ဆေးစစ်မှု လုပ်ခဲ့ပါတယ်။ ဒီတော့ အန်ကန်ကူကို ခေါ်ယူချင်တဲ့ အခြား ပြိုင်ဖက်တွေထက်တော့ ချဲလ်ဆီးတို့ ခြေတလှမ်း ဦးထားတယ်လို့ ယေဘူယျ ဆိုနိုင်ပါတယ်။

အန်ကန်ကူ ဟာ ပြီးခဲ့တဲ့ ရာသီ လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၂ပွဲမှာ ၃၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီနှစ် ရာသီမှာလည်း ၁၁ပွဲမှာ ၆ဂိုး ရထားပြီး ဖြစ်ပါတယ်။

အန်ကန်ကူ ဟာ ကွင်းလယ်တိုက်စစ် နေရာကို အားအသန်ဆုံး ဖြစ်ပေမယ့် လိုအပ်ပါက အထောင် တိုက်စစ်မှူး အသွင်နဲ့ ကစားပေးနိုင်တာကြောင့် ချဲလ်ဆီး အတွက် တိုက်စစ် ရွေးချယ်စရာ တခု တိုးနိုင်ပါတယ်။

ချဲလ်ဆီး ဟာ အန်ကန်ကူ အပြင် လက်ရှိ လစ်လပ်နေတဲ့ အားကစား ဒါရိုက်တာရဲ့ နေရာမှာ လိုက်ပ်ဇစ် အားကစား ဒါရိုက်တာ ဖြစ်သူ ခရစ်တိုဖာ ဗစ်ဗဲလ်ကိုလည်း ဆန်ခါတင် စာရင်းထဲ ထည့်သွင်းထားပါတယ်။ ချဲလ်ဆီးဟာ အနာဂတ် ဒါရိုက်တာ ဖြစ်လာမယ့်သူကို အားကစားပိုင်းမှာရော နည်းစနစ်ပိုင်းမှာ ရာထူး ၂ခု တပြိုင်တည်း အပ်ဖွယ် ရှိနေပါတယ်။