ဟာလန်း၊ ဖိုဒန်တို့ ဟက်ထရစ် သွင်းဂိုးတွေနဲ့ အီတီဟက်မှာ မန်ယူကို နောက်ကောက်ချ ဂိုးပြတ်အနိုင်ယူတဲ့ မန်စီးတီး
မန်စီးတီးကတော့ ဒီည အီတီဟက်မှာ မန်ချက်စတာ ယူနိုက်တက်ကို အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့ပဲ ၆-၃ ရလဒ်ဖြင့် အနိုင်ယူသွားခဲ့ပါတယ်။ မန်စီးတီးဘက်က တိုက်စစ်မှုး ဟာလန်းနဲ့ ဖိုဒန် တို့က ဟက်ထရစ် ကိုယ်စီနဲ့ ဂိုးသွင်းခဲ့ကြတာပါ။
မန်ချက်စတာစီးတီး က ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ အာကေ၊ ဝေါ်လ်ကာနဲ့ ကန်ဆယ်လိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်း တို့ကို တိုက်စစ်ဦးစားပေးပုံစံနဲ့ အထိုင်ချခဲ့သလို ရှေ့တန်းမှာတော့ ဂရီးလစ်ရှ်၊ ဖိုဒန်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား ဒီဂီယာ၊ ခံစစ်မှာ ဗာရန်း၊ မာတီနက်ဇ်၊ ဒါလော့နဲ့ မာလာစီယာတို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆန်ချို၊ အန်တိုနီနဲ့ ရက်ရှ်ဖို့ဒ်တို့ကို တင်ကစားလာခဲ့တာပါ။

မန်စီးတီးရဲ့ ဂရီလစ်ရှ်၊ ဖိုဒန်၊ ဟာလန်းတို့ သုံးယောက်လုံးက ယူနိုက်တက်နောက်တန်းကို ကောင်းကောင်း ဒုက္ခပေး သွားခဲ့ပါတယ်။ (၃) မိနစ်တည်းက မန်စီးတီးတို့ ဂိုးရမလိုဖြစ်ခဲ့ပေမယ့် ဒီဂီယာလက်စွမ်းပြခဲ့တာ၊ နောက်ခံလူတွေနဲ့ ထိထွက်ခဲ့တာကြောင့် သက်သာရာရခဲ့ပါတယ်။
ဒါပေမယ့် မန်စီးတီးတို့ ဦးဆောင်ဂိုးရဖို့ ဘယ်လောက်မှမစောင့်ခဲ့ရဘဲ ဖိုဒန်က အပြင်းကန်ချက်နဲ့ အဖွင့်ဂိုးစသွင်းခဲ့ပါတယ်။ ယူနိုက်တက်က ဒီပွဲမှာ ကွင်းလယ်ပိုင်း ဘယ်လိုမှအသားစီးမရခဲ့ဘဲ မန်စီးတီးကပဲ ပွဲအရှိန်ကို အတင်အချ စိတ်ကြိုက်ပြုလုပ်ပြီး ကစားခဲ့ပါတယ်။
(၁၀) မိနစ်အတွင်း မန်စီးတီးက (၃) ဂိုးထပ်မံရရှိခဲ့ပြီး ဟာလန်းရဲ့ ဂိုးသွင်းခြေစွမ်း၊ ဖန်တီးနိုင်စွမ်းတို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဟာလန်းက ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်ပြီး သွင်းယူခဲ့သလို ဒီဘရိုင်း ဖန်တီးပေးတာကိုလည်း ချိန်သားကိုက်ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။

အဲ့ဒီနောက် ဖိုဒန်ရဲ့သွင်းဂိုးအတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် လေးဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ နည်းနည်းထိန်းကစားလာပြီး ယူနိုက်တက်က အန်တိုနီရဲ့ ဧရိယာအပြင်က ကန်ချက်နဲ့အတူ နှစ်သိမ့်ဂိုးတဂိုး ပြန်လည်ရရှိခဲ့ပါတယ်။
ဒါပေမယ့် လူစားဝင်ကစားသမား မက်ဆီဂိုးမက်ဇ်ရဲ့ ဖန်တီးပေးမှုကတဆင့် ဟာလန်းက သူ့အတွက် ဟက်ထရစ်သွင်းဂိုး၊ ဟာလန်းရဲ့ ဖန်တီးပေးမှုကတဆင့် ဖိုဒန်က ဟက်ထရစ်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။
ယူနိုက်တက်အတွက် ချေပဂိုးနှစ်ဂိုးကို မာရှယ်လ်က လူစားဝင်လာပြီး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ မန်စီးတီးက ဟာလန်း၊ ဖိုဒန်တို့ရဲ့ ဟက်ထရစ်နဲ့အတူ ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။