လူကောင်ကြီးတဲ့ ဟာလန်းကို လူကပ် ကစားတာက အဲရစ်ဆန် ဖြစ်နေလို့ စိတ်ပျက် လှောင်ရယ်ခံနေရတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ကတော့ မနေ့ညက မန်ချက်စတာဒါဘီမှာပေးလိုက်ရတဲ့ ဟာလန်းရဲ့ ခေါင်းတိုက်ဂိုး အတွက် အဆိုပါနော်ဝေကြယ်ပွင့်ကို မန်ယူ ကွင်းလယ် အဲရစ်ဆင်က လူကပ်ကစားခဲ့ရတဲ့ အပေါ် မယုံနိုင်အောင် ဖြစ်ခဲ့ရပြီး ဝေဖန်နေကြပါတယ်။
ဒီပွဲမှာ မန်စီးတီးက ဟာလန်းရဲ့ ဟက်ထရစ်၊ ဖိုဒန်ရဲ့ဟက်ထရစ်နဲ့အတူ ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့ ဂိုးမိုးရွာ အနိုင်ယူ သွားခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးဟာ ပထမပိုင်းတည်းက လေးဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တာဖြစ်ပြီး ဟာလန်းက အသင်းအတွက် ဒုတိယဂိုးကို ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ထောင့်ကန်ဘောကတဆင့် ဟာလန်းရဲ့ခေါင်းတိုက်ချက်ကို မာလာစီယာက တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းကျော်သွားခဲ့တာကြောင့် ဂိုးပေးလိုက်ရပြီး ဟာလန်းအတွက် ဒီဂိုးက မန်ချက်စတာဒါဘီမှာ ပထမဆုံးသွင်းယူခဲ့ဖူးတဲ့ဂိုးလည်းဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် ဒီသွင်းဂိုးမှာ နောက်ထပ်ပြောစရာဖြစ်ခဲ့တာက ထောင့်ကန်ဘောအတွက် ဟာလန်းကို လူကပ်ကစားရတဲ့သူက အဲရစ်ဆင်ဖြစ်ခဲ့တာပါ။ ဟာလန်းဟာ အရပ်အမောင်းရော၊ ကြံ့ခိုင်မှုရော တောင့်တင်းသန်မာကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ဒီထောင့်ကန်ဘောမှာတော့ အဲရစ်ဆင်က ဟာလန်းကို လူကပ်ကစားရသလို ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း မန်ယူ ပရိသတ်တွေက “ “ဟာလန်းကို အဲရစ်ဆင်က ဘာကြောင့်လူကပ်ကစားနေရတာလဲဆိုတာ တယောက်လောက်ရှင်းပြကြပါဦး။ ဒါက လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စရပ်ပါ”
“ထောင့်ကန်ဘောတွေမှာ အဲရစ်ဆင်က ဟာလန်းကို လူကပ်ရတယ်တဲ့လား။ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးစိတ်သန်းလဲကွာ”
“ဗာရန်း ထွက်သွားချိန်မှာတောင်မှ အဲရစ်ဆင်အနေနဲ့ ဟာလန်းကို လူကပ်ကစားရတယ်ဆိုတာမျိုးက မဖြစ်သင့်ပါဘူး” လို့ အသီးသီး ပြောဆို ဝေဖန်ခဲ့ကြပါတယ်။
ဒီပွဲမှာ ဟက်ထရစ်ရခဲ့တဲ့နောက် ဟာလန်းက ပရီးမီးယားလိဂ်မှာ အိမ်ကွင်း (၃) ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။
ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်အတွက် ဂိုးတွေကိုတော့ အန်တိုနီနဲ့ လူစားဝင်ကစားသမား မာရှယ် (၂ ဂိုး) တို့က အသီးသီး သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ၆-၃ ဂိုးဆိုတဲ့ရလဒ် ထွက်ပေါ်ခဲ့တာပါ။