မန်ယူဘက်ကို ၆ ဂိုးပဲ သွင်းနိုင်တာနဲ့ ဂိုးတွေပြန်ပေးရတဲ့ အပေါ် မကျေနပ်ဟန်ပြောခဲ့တဲ့ နည်းပြ ပက် ဂွာဒီယိုလာ

မန်စီးတီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ၆-၃ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် မန်စီးတီး နည်းပြ ဂွာဒီယိုလာကတော့ ဂိုးတွေ ဒိထက် ပို ရချင်သေးပြီး ချေပဂိုးတွေ ပြန်ပေးရတာ အတွက်လည်း မကျေနပ်ဟန် ပြောဆိုလိုက်ပါတယ်။

မန်စီးတီးဟာ ဟာလန်းနဲ့ ဖိုဒန်တို့ရဲ ဟက်ထရစ်သွင်းဂိုးတွေနဲ့အတူ မြို့ခံပြိုင်ဘက်ကို အလဲထိုးဆုံးမခဲ့တာဖြစ်ပြီး ယူနိုက်တက် ကတော့ ၃ ဂိုးပြန်သွင်းယူနိုင်ခဲ့လို့သာ အကြီးအကျယ်အရှက်မကွဲခဲ့တာဖြစ်ပါတယ်။

မန်စီးတီး ကို ယူနိုက်တက်တို့ အဖက်ဖက်ကနေ မယှဉ်နိုင်ခဲ့ဘဲ တဦးချင်းအရရော၊ အသင်းလိုက်ကစားပုံမှာပါ အရှုံးပေးခဲ့ရတာဖြစ်ပြီး ကလေးနဲ့ လူကြီးကစားသလိုဖြစ်ခဲ့ရပြီး ဒုတိယပိုင်းမှာ အပြောင်းအလဲတွေလုပ်ခဲ့ပြီးမှ ဂိုးတွေပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ပြီးပြည့်စုံမှုဆိုတာမရှိပါဘူး၊ အဲဒါက မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ အဲလိုဖြစ်အောင်တော့ ကြိုးစားရမှာပဲ၊ ကျနော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ပိုကောင်းလည်း လုပ်နိုင်ပါတယ်၊ ကစားသမားတွေမှာ ပေးပို့မှုတွေမှာ အမှားတွေရှိနေခဲ့တုန်းပါ၊ ဒါက မကောင်းပါဘူး၊ ဒီထက်ပိုပြီးတော့လည်း ညီညွှတ်မှုရှိရပါမယ်”

“တချို့နေရာတွေမှာ ကျနော်တို့ အခုထိ မကောင်းမွန်ဘူးဖြစ်နေတုန်းပဲ၊ ရိုးရှင်းတဲ့အရာတွေရှိနေတုန်းဖြစ်ပြီး လုံလောက်တဲ့ကောင်းမွန်မှု လိုအပ်နေပါတယ်၊

ဘောလုံးတွေ အလွယ်တကူဆုံးရှုံးခဲ့ရပြီး ပြိုင်ဘက်ရဲ့ ရိုးရှင်းတဲ့ ကစားဟန်တချို့ကနေ ဂိုးတွေပေးနေရတုန်းပါ၊ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး၊ ဂိုးရှေ့မှာဆိုလည်း တိုးတက်ဖို့လိုအပ်ပါသေးတယ်၊ ဒီထက်မက ဂိုးတွေ သွင်းနိုင်ခဲ့သင့်တာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဟာလန်းနဲ့ ပတ်သက်ပြီးတော့လည်း “ဒီရာသီအစမှာ သူပြောဖူးတယ်ထင်တယ်၊ သူက ဘောလုံးငါးကြိမ်ထိပြီး ငါးဂိုး သွင်းနိုင်မှာကိုပဲ ပိုအာရုံစိုက်တယ်ဆိုတာလေ၊ ကျနော်ကတော့ အဲဒီလိုမျိုးကို သဘောမကျဘူး၊ သူ့ကို ဘောလုံး ပိုပြီးတော့ ထိတွေ့စေချင်တယ်၊ ပိုပြီးတော့ ပူးပေါင်းပါဝင်စေချင်တယ်၊

ဒါပေမယ့် သူ့ရဲ့အကြီးမားဆုံးအရည်အသွေးက ဂိုးပေါက်ထဲကို ဘောလုံးကန်ထည့်တယ်ဆိုတာကိုတော့ မေ့လို့မရဘူး” လို့ ဂွာဒီယိုလာက ပြောဆို ခဲ့ပါတယ်။