ဟာလန်း က မက်ဆီထက် ပို ကောင်းတဲ့ ကစားသမား ဖြစ်လာမယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ပက် ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး တိုက်စစ်မှုးသစ် ဟားလန်း က ပရီးမီးယားလိဂ်မှာ ဆက်ခြေစွာနေပြီး ဒီအပတ်မှာလည်း မန်ယူအသင်းဘက်ကို ဟက်ထရစ် သွင်းယူနိူင်ခဲ့ပါတယ်။ ဟားလန်းက မန်စီးတီး အတွက် ဒီရာသီမှာ ၁၇ ဂိုး သွင်းယူနိူင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ဟားလန်းကတော့ ပရီးမီးယားလိဂ် သမိုင်းကြောင်းမှာ အိမ်ကွင်းမှာ ဟက်ထရစ် ၃ ကြိမ် ဆက်ရတဲ့ ကစားသမား အဖြစ်လည်း စံချိန်တင်နိူင်ခဲ့ပါတယ်။

ဟားလန်းက အခုချိန်မှာ ကစားသမား ဘဝမှာ ကလပ် အသင်းအတွက် ၁၇၂ ဂိုးသွင်းယူနိူင်ခဲ့ပြီဖြစ်ပြီး ၁၀၃ ဂိုး ကိုတော့ ပြီးခဲ့တဲ့ ပွဲပေါင်း ၁၀၀ ကနေ ရရှိခဲ့တာပါ။

စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ဟာလန်းဟာ နာမည်ကျော် လီယွန်နယ် မက်ဆီထက် ပိုကောင်းသူ ဖြစ်လာနိုင်တယ် လို့ မှတ်ချက်ပြု ချီးကျူးထားပါတယ်။

‘ ဟာလန်းနဲ့ မက်ဆီ ဘာကွာသလဲဆိုတော့ ဒီလို ပွဲတိုင်း ဂိုးတွေ သွင်းဖို့ ဟာလန်းကတော့ အသင်းဖော်တွေကို လိုပါတယ်၊ မက်ဆီကတော့ တစ်ယောက်တည်း လုပ်ပြနိုင်တယ်။

ဒါေပမယ့္ ဟားလန်းက မက်ဆီထက် ပိုကောင်းတဲ့ ကစားသမား တစ်ယောက်ဖြစ်လာနိူင်ပါတယ်။ သူက ဘောလုံးကို သိပ်ချစ်မြတ်နိူးပါတယ်။ အသက် ၂၂ နှစ်လောက်နဲ့ အဲလောက် ထူးချွန်တဲ့ ကစားသမားမျိုး မက်ဆီပဲ ရှိပါသေးတယ်။ မက်ဆီက ကစားသမားဘ၀ မကြာခင်မှာ နေဝင်တော့မှာ ဖြစ်ပေမယ့် ဟားလန်း အနာဂတ် ကတော့ ဒီထက် ပိုပြီး တိုးတက် ကောင်းမွန်ဖို့ပဲ ရှိပါတယ်။’ လို့ ပက်က ဆိုခဲ့ပါတယ်။

ဘောလုံးသမိုင်းမှာ ဘလွန်းဒီအော ဆု ၇ ဆုရှင် မက်ဆီ ကတော့ ဘာစီလိုနာ အသင်း ကို တောင်ပံ ကစားသမား အနေနဲ့ နေရာရလာသူဖြစ်ပါတယ်။ သူက အသက် ၂၂ အရွယ်မှာ ကလပ်အသင်း အတွက် ၁၉၃ ပွဲကစားပြီး ၉၁ ဂိုး သွင်းယူနိူင်ခဲ့ပါတယ်။ သူ က အသင်းက ဝါရင့်တိုက်စစ်မှူးတွေဖြစ်တဲ့ အီတူး ၊ အွန်နရီတို့နဲ့ ကစားခဲ့ရတာဖြစ်ပြီး လာလီဂါ နဲ့ ချန်ပီယံလိဂ် ဖလား ရရှိခဲ့ပါတယ်။

အသက် ၂၂ မွေးနေ့ပြီး နောက်ပိုင်းမှာ မက်ဆီက တော့ တားမနိူင် ဆီးမရဖြစ်ခဲ့ပြီး သူ့ရဲ့ ၆၆၆ ပွဲ ကစားရာမှာ ၆၂၈ ဂိုးအထိ သွင်းယူနိူင်ခဲ့ပါတယ်။ မက်ဆီ က ဘာစီလိုနာ မှာပဲ သူ့ကစားသမား ဘဝကို ဖြတ်သန်းခဲ့တာကြောင့် ကလပ် စံချိန်ရော၊ လာလီဂါ စံချိန်ပါ တင်နိူင်ခဲ့သူပါ။ ဟားလန်း ကတော့ ခုချိန်ထိ ဘလွန်းဒီအောဆု ဆုရော ဆုဖလားတွေပါ မရရှိသေးပါဘူး။

ဒါပေမယ့် ဟားလန်း က မန်စီးတီး အသင်းကို ပြောင်းပြီးနောက်မှာ နှစ်ပေါင်းများစွာ ပြိုင်လာတဲ့ မက်ဆီနဲ့ ရော်နယ်ဒို့ ကြားက ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆိုတဲ့ သရဖူကို ဆက်ခံနိူင်ဖို့ အကောင်းဆုံး အလားအလာ ရှိနေသူပါ။

ပရီးမီးယားလိဂ်မှာ သူ့လက်ရှိခြေစွမ်းကိုသာ ထိမ်းသိမ်းထားနိူင်ခဲ့မယ်ဆိုရင် သူက အလန်ရှီးယား နဲ့ ဟယ်ရီကိန်းတို့ တင်ခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိူင်မှာ သေချာပါတယ်။