ဘာစီလိုနာ ရှုံးပွဲအတွက် ဒိုင်ကို အပြစ်တင်လိုက်ပြီး ယူရိုပါလိဂ်ကို မျက်စောင်းထိုးနေရပြီ ဖြစ်တဲ့ နည်းပြဇာဗီ

မနေ့ညက မီလန်မြေမှာ ကစားခဲ့တဲ့ အင်တာနဲ့ ဘာစီလိုနာ တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲကတော့ အိမ်ရှင် အသင်း ၁-ဝ အနိုင်နဲ့ ပြီးဆုံး သွားပါတယ်။

အင်တာမီလန်ကို အရေးနိမ့်ခဲ့တဲ့ ထို ပွဲအပြီးမှာ ဘာကာနည်းပြဇာဗီက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်လိုက်ပြီး သူတို့ဆီက ရမှတ်ကို ခိုးယူသွားခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

စလိုဗေးနီးယားကွင်းလယ်ဒိုင် ဆလပ်ဗ်ကိုဗင်ဆစ်က ပီဒရီရဲ့သွင်းဂိုးမှာ အန်ဆူဖာတီက လက်နဲ့အရင်ထိခဲ့တယ်ဆိုပြီး ဂိုးမပေးခဲ့သလို အင်တာနောက်ခံလူဒမ်းဖရိုင်းစ်ရဲ့ လက်နဲ့ထိခဲ့တဲ့အလုံးကိုလည်း ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်တွေအတွက် စောဒက တက်ခဲ့တဲ့ ဇာဗီကလည်း အဝါကတ်ပြားပြသခံခဲ့ရပြီး ဘာစီလိုနာတို့ အရေးနိမ့် ခဲ့ရကာ နောက်တဆင့် တက်နိုင်ဖို့ စိုးရိမ်နေရပြီဖြစ်ပါတယ်။

နည်းပြ ဇာဗီကတော့ ဒီဆုံးဖြတ်ချက်တွေကို တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး တရားမျှတမှု မရှိခဲ့ဘူး လို့လည်း သုံးနှုန်းခဲ့ပြီး ရှုံးပွဲအပေါ်မှာ တော်တော်လေး စိတ်ဖိစီးနေဟန် ရှိခဲ့ပါတယ်။

“ကျနော် စိတ်ပျက်ရပါတယ်၊ တရားမျှတမှုမရှိခဲ့ပါဘူး၊ ကျနော်တို့ ပြန်မလာနိုင်ခဲ့ဘူး၊ ကွင်းလယ်ဒိုင်အနေနဲ့ ရှင်းပြမှုတွေ လုပ်သင့်ပါတယ်၊ ဒါပေမယ့် ကျနော်လည်းပဲ မလုပ်သင့်ခဲ့ပါဘူး၊ ဒါပေမယ့်ဗျာ အဲဒါက လက်ထိဘောဆိုတာ အရှင်းကြီးပါ၊ တကယ်ကို စိတ်ဆိုးဒေါသထွက်ရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒမ်းဖရိုင်းစ်ရဲ့ လက်ထိဘောကို ကွင်းလယ်ဒိုင်က ပြန်လည်ကြည့်ရှုမှု ချက်ချင်း မလုပ်ခဲ့တဲ့အပေါ်မှာလည်း ဘာစီလိုနာ ကစားသမားတွေ ကြက်သေသေခဲ့ပါတယ်။

အဲရစ်ဂါစီယာက အန်ဆူဖာတီရဲ့ လက်ထိဘောမှာ အင်တာဂိုးသမားအိုနာနာရှင်းထုတ်မှုကြောင့် ဘောလုံး ရောက်လာ ခဲ့တာဖြစ်လို့ ဘယ်လိုမှ ရှောင်လို့ မရခဲ့ဘူးလို့ ညည်းတွားပြောဆိုပြီး ball to hand အနေအထားသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“အခုတော့ ကျနော်တို့တွေ ဗိုလ်လုပွဲ ၃ပွဲ ကစားရပါတော့မယ်၊ သက်တောင့်သက်သာဖြစ်တဲ့အနေအထားမျိုးမှာ မရှိဘူး၊ သူတို့က (အင်တာ) ခြောက်မှတ်ရထားပြီး ကျနော်တို့က ၃ မှတ်၊ ဘိုင်ယန်က ၉ မှတ်ပါ၊ အခွင့်အရေးတွေ ကျနော်တို့ ဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို သူတို့ကတော့ အဝေးကန်ချက်ကနေ ဂိုးရသွားခဲ့ပါတယ်” လို့လည်း ဇာဗီက ထပ်ပြောခဲ့ပါတယ်။

ဘာစီလိနာ အသင်း ကတော့ လာမယ့်ပွဲစဉ် ၄ အဖြစ် အင်တာမီလန်ကို အိမ်ကွင်းမှာ ပြန်လည် ဧည့်ခံ ကစားရမှာဖြစ်ပါတယ်။