စိုးရိမ်နေရတဲ့ ဖိုဖာနာ၊ လီယာအို ကို သဘောကျတဲ့ ပေါ်တာ၊ ဆာအဲလက်စ် ကိုင်တောင် မရဘူး ဆိုတဲ့ ဂျိုကိုးလ်နဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

မနေ့ညက အေစီမီလန်နဲ့ပွဲမှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တဲ့ နောက်ခံလူ ဝက်စ်လေ ဖိုဖာနာ ကာလရှည်နားရမှာကို ချဲလ်ဆီး အသင်းက စိုးရိမ်နေပါတယ်။ ပေါင်သန်း ၇၀ တန်နောက်ခံလူဟာ အေစီနဲ့ ပွဲမှာ ချဲလ်ဆီးအတွက် အဖွင့်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ အေစီမီလန်တိုက်စစ်မှူး လီယာအို တို့အကြား အပြောင်းအရွှေ့ကောလာဟလများ ထွက်ပေါ်နေချိန် ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာက လီယာအိုဟာ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်သလို သူ့ရဲ့ခြေစွမ်းအပေါ် ကြိုက်နှစ်သက်တဲ့ အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အနောက်လန်ဒန်ကလပ်အသင်းက ပိုင်ရှင်သစ်တော့ဒ်ဘိုလေလက်အောက် လာမယ့် ၂၀၂၃ ခုနှစ် အပြောင်းအရွှေ့ ရာသီမှာလည်း ကြီးမားတဲ့ငွေလုံးငွေရင်းအသုံးစရိတ်တွေနဲ့ အသင်းကို ပြင်ဆင်သွားဖွယ် ရှိနေပါတယ်။

လာမယ့်နွေရာသီမှာ ချဲလ်ဆီးအနေနဲ့ လိုက်ပ်ဇစ်ကြယ်ပွင့် အန်ကူကူကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရိစ် ဂျိမ်းစ်က လက်ရှိကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ တစ်ယောက်လားလို့ မေးမြန်းရာမှာတော့ နည်းပြပေါ်တာက “အဲ့ဒီအဖြေကို ပေးနိုင်လောက်တဲ့အထိ ကျွန်တော် သူကစားခဲ့တဲ့ ပွဲတွေကိုသိပ်အများကြီး မကြည့်ခဲ့ဖူးဘူး။ ဒါပေမယ့် ကျွန်တော်သူ့ကိုအရမ်း သဘောကျပါတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ကစားသမားတစ်ယောက်ပါ ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

ပေါ်တာကပဲ ဂျိမ်းစ် ဟာ ဖရန့်လမ်းပတ်၊ ဂျွန်တယ်ရီတို့လိုပဲ အသင်းရဲ့ဂန္တဝင်ကစားသမား တစ်ဦး ဖြစ်လာနိုင်သူလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ အေစီမီလန်ကို သုံးဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်က တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးပြီး တောက်ပတဲ့ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသခဲ့ပါတယ်။

ချဲလ်ဆီး အသင်းကို ယူနိုက်တက် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင် လာ ကိုင်တွယ်ရင်တောင် ချက်ချင်း ဆိုသလိုတော့ ဥရောပနဲ့ အမှတ်ပေးဖလား တွေ စိန်ခေါ်နိုင်ဦးမှာ မဟုတ်ဘူးလို့ ချဲလ်ဆီး ကွင်းလယ်ဟောင်း ဂျိုကိုးလ်က သုံးသပ် လိုက်ပါတယ်။

ချဲလ်ဆီး၊ နာပိုလီ၊ ယူဗင်တပ်၊ ရီးရဲမက်ဒရစ် အသင်းတွေမှာ ကစားခဲ့ဖူးပြီး လက်ရှိ အင်တာမိုင်ယာမီ အသင်းမှာ ကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူးကြီး ဂွန်ဇာလို ဟီဂွာအင် ဟာ အခု ရာသီ အပြီးမှာ ဘောလုံး ကစားခြင်း ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာ သွားခဲ့ ပါတယ်။