ပေါင် ၉သိန်း ဟာလန်း လစာ၊ ဂိုးပြတ်နိုင်ပေမယ့် အားမရတဲ့ အာတီတာ၊ တန်ဟက်ရဲ့ လူစားလဲ ဖြေရှင်းချက်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စု ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ အဝေးကွင်းမှာ ဆိုက်ပရပ်စ် ကလပ် အိုမိုနီယား ကို နောက်က လိုက် ကစားပြီး ၃-၂ နဲ့ အနိုင် ရယူနိုင်ခဲ့ ပါတယ်။ အာဆင်နယ် ကတော့ ဘိုဒို ဂလင့် ကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင် ကစားသွားခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာကတော့ ဘိုဒိုဂလစ်အသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ နိုင်ပွဲအတွက် ပျော်ရွှင်ရပေမယ့် အသင်းသားတွေရဲ့ အချိတ်အဆက် မမိမှုတွေကိုတော့ အားရကျေနပ်မှုမရှိဘူးလို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟက် ကတော့ အသင်းရဲ့ တိုက်စစ်မှူး မာရှယ်ရဲ့ ကြံ့ခိုင်မှုပိုင်းကို ဂရုစိုက်ပေးဖို့ လိုအပ်တယ် လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူ နည်းပြ တန်ဟက်ဟာ ညက ပွဲမှာ ပထမပိုင်း ပြီးတာနဲ့ ဆန်ချိုနဲ့ မာလာစီယာတို့ကို တပြိုင်နက် လူစားလဲခဲ့ပြီး ဒါဟာ ဘယ်ခြမ်းမှာ ဘောလုံးနဲ့ အတူ ရွေ့လျားမှုကို သူ စိတ်တိုင်းမကျလို့ ဖြစ်ကြောင်း ပွဲအပြီးမှာ ရှင်းလင်း ခဲ့ပါတယ်။

နည်းပြသစ် ဂရေဟမ် ပေါ်တာ ရဲ့ ချဲလ်ဆီး အသင်းမှာ ချန်လှပ် ခံရအပြီးမှာတော့ အမေရိကန် ပရိသတ်တွေဟာ ခရစ္စတီယန် ပူလီဆစ် ကို လန်ဒန် ကနေ ထွက်ခွာဖို့ တောင်းဆို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီး ကို ယူရို သန်း ၅၀ ကျော် နဲ့ ပြောင်းရွှေ့ လာပြီး တပတ်ကို ပေါင် ၃ သိန်းခွဲကျော် လုပ်ခ ရရှိ နေတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်း ဟာ အပိုဆုကြေးတွေ ထည့်ပေါင်း ပါက တပတ်ကို ပေါင် ၉ သိန်း အထိ ဝင်ငွေ ရှိတယ်လို့ သတင်းထွက်လာခဲ့ ပါတယ်။

ဆမ်ဒိုးရီးယားအသင်းကတော့ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်လူဟောင်းဖြစ်တဲ့ စတန်ကိုဗစ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးနောက်ခံလူ ဝေါ်ကာအနေနဲ့ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်လို့ လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ကြယ်ပွင့် ဒိုင်ယက်ဇ်ကတော့ မာနေး ထွက်ခွာခဲ့ပြီးတဲ့ အသင်းသားတွေအနေနဲ့ အားအင် ကုန်ခမ်းသလို ခံစားမှုမျိုးရရှိခဲ့တယ်လို့ ဆိုသွားခဲ့ပါတယ်။

ဘွန်ဒက်လီဂါအစီအစဉ်တင်ဆက်သူ မက်သီးယပ်စ်ကတော့ အင်္ဂလန်အသင်းအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဂမ်ကို ပွဲတိုင်း လိုလို အသုံးပြုသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။