ဘရိုက်တန်နဲ့ပွဲမှာ ဗန်ဒိုက်ချ်ကို ဒေါသတကြီး အော်ငေါက်နေခဲ့တဲ့ ကိစ္စကို ကလော့ပ် ဖြေရှင်း

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ ဘရိုက်တန်ပွဲမှာ လီဗာပူးက ဟန်ဒါဆန်၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးနှစ်ဂိုး ပြန်ပေးပြီး အမှတ်လျော့ခဲ့ရပါတယ်။

ဒီသရေပွဲကြောင့် လီဗာပူးတို့ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ (၃) မှတ် ကွာဟသွားခဲ့ပါပြီ။ ပွဲချိန်အတွင်းမှာလည်း ကလော့ပ်က နောက်ခံလူ ဗန်ဒိုက်ချ်ကို ဒေါသတကြီးနဲ့ အော်ဟစ်ဆူပူခဲ့သေးတာပါ။ လီဗာပူးဟာ ကွင်းလယ်မှာ ဒဏ်ရာရ လူစာရင်းတွေ များလာလို့ အိမ်ကွင်းမှာ သရေရလဒ် ဆိုတာက တော်တော်လေး နစ်နာစေခဲ့တယ် ပြောရမှာပါ။

ဘရိုက်တန်က လက်ရှိရာသီမှာ ပုံစံကောင်းပြနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ရလဒ်ပိုင်းမကောင်းသည့်တိုင် သူတို့ရဲ့ကစားပုံကြောင့် ဒီပွဲမတိုင်ခင်မှာ ကလော့ပ်က ချီးကျူးခဲ့ရပါသေးတယ်။ ဗန်ဒိုက်ချ်နဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စအပေါ်မှာလည်း ကလော့ပ်က အခုလိုမျိုး ပြောကြားခဲ့ပါတယ်။

ကလော့ပ်က “ ခင်ဗျားတို့ ကိစ္စတိုင်းကိုတော့ မသိနိုင်ပါဘူး။ ကျွန်တော်တို့လို့ နည်းပြနဲ့ ကစားသမားကြေားမှာ ဒီလိုမျိုး ပြောဆိုမှုတွေ အကြိမ်ပေါင်းများစွာ ရှိနိုင်ပါတယ်။ ဒီတော့ ကျနော် ဖြေရှင်းချက်ပေးနေမှာ မဟုတ်ပါဘူး။

ခင်ဗျားတို့ ဒီကိစ္စအတွက် ဘာဇာတ်လမ်းမှ ထွက်လို့ရမှာ ာမဟုတ်ပါဘူး။ ပြိုင်ဘက်အသင်းကို Half Space တွေ အများကြီး ပေးခဲ့ရတာကို ကျွန်တော်တို့ မကာကွယ်နိုင်ခဲ့ပါဘူး။ ဒါ ပြဿနာပါ။ ဘောလုံးကိုင်ထားပြီး ဖိအားမရှိတဲ့ အချိန်မှာ နောက်ဆုံးခံစစ်တန်းကို ရှေ့မတိုးနိုင်ခဲ့ပါဘူး။

ဒီတော့ ဘောလုံးဆုံးသွားတဲ့အခါမှာ ကျွန်တော်တို့ ချက်ချင်းပြန်ဖိအားပေးခံရပါတယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆီမှာ ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းတွေရှိပြီးသားပါ။ အဲ့ဒါက မလွယ်ကူပါဘူး။

ဗန်ဒိုက်ချ်ကိစ္စ ပြောရမယ်ဆိုရင် ဘရိုက်တန်ဘက်က မာ့ချ်က သူတို့အတွက် ရှေ့ဘက်မှာ ကစားပေးနေတဲ့ ကစားသမားပါ။ ဒါပေမယ့် ဗန်ဒိုက်ချ်က သူနဲ့ အရမ်းအလှမ်းဝေးလွန်းနေပါတယ်။ အဲ့ဒီအချိန်မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းက အဲ့ဒါပါပဲ။ ဒါပေမယ့် ဒီအရာက နည်းပြနဲ့ ကစားသမားအကြား သာမန်ပြောဆိုမှုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။