အသင်းပြောင်းဖို့ ပြင်နေတဲ့ အူဘာမီးယန်း၊ ပေါမာဆန် သတိပေးမှု၊ ကမ္ဘာ့ အကောင်းဆုံး ဂျိမ်းစ်၊ ဒါရိုက်တာသစ်နဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

ဂန်းနားဟောင်းကြီး ပေါလ်မာဆန် ကတော့ ဂရေဟမ် ပေါ်တာဟာ နည်းပြကောင်း ဖြစ်ပေမယ့် ၊ စတင် ကိုင်တွယ်တဲ့ ၃ပွဲတည်းနဲ့တော့ ချီးကျူးဖို့ စောလွန်းသေးကြောင်း ချဲလ်ဆီး ပရိသတ်တွေကို သတိပေးရင်း ၎င်းတို့ အနေနဲ့ Top 4 ဝင်ခဲ့ရင် ဒီရာသီ အောင်မြင်ပြီလို့ သတ်မှတ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်မှုး အူဘာမီးယန်းဟာ နောက်နှစ်နွေမှာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ ကြိုတင် ဆွေးနွေးမှုတွေ ရှိနေကြောင်း သတင်းထွက်နေပြီး ချဲလ်ဆီးကလည်း ကစားသမား အလိုရှိရင် ထွက်ခွာခွင့် ပေးဖွယ် ရှိနေပါတယ်။

ချဲလ်ဆီး အသင်းဟာ လိုက်ပ်ဇစ်ကနေ ထွက်ခွာလာတဲ့ ခရစ္စတိုဖာ ဗီဗယ် ကို နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ်တော့မှာ ဖြစ်ကြောင်း တယ်လီဂရပ်ဖ် သတင်းက ဖော်ပြလာပါတယ်။

ချဲလ်ဆီး အသင်းဟာ မီလန် ခံစစ်သမား စခရီနီယာ ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားမှာ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကြိုးစားရမယ်လို့ သိရပါတယ်။

ကန်တေက ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ်ကို လေးနှစ် သက်တမ်း အလိုရှိနေပြီး ချဲလ်ဆီး ကတော့ တစ်နှစ် ထပ်တိုးခွင့် ပါဝင်တဲ့ ၂နှစ် သက်တမ်း စာချုပ်သာ ကမ်းလှမ်းထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။ ကန်တေရဲ့ ဒဏ်ရာ မှတ်တမ်းတွေကြောင့် ချဲလ်ဆီးက နှစ်ရှည် သက်တမ်းတိုးဖို့ တွေဝေနေတာပါ။

ရိစ် ဂျိမ်းစ်ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ညာစွန်ခံစစ်သမား ဖြစ်နေတယ် လို့ ဂျိမ်းစ်ရဲ့ ချယ်ဆီး အသင်းဖော် ချာလိုဘတ် က ယုံကြည်နေပါတယ်။

အေဂျက်နဲ့ အေစီမီလန် တိုက်စစ်မှူးဟောင်း မာကို ဗန်ဘတ်စတန် ကတော့ ဇီယက်ချ် အနေနဲ့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ပုံမှန် ကစားခွင့် ပေးနိုင်မယ့် ကလပ် တသင်းသို့ ပြောင်းရွှေ့ဖို့ တိုက်တွန်းရင်း မော်ရိုကိုသား အရန်ခုံမှာ ထိုင်နေရခြင်းဟာ ဘောလုံး လောက အတွက် ဝမ်းနည်းစရာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘရာဇီးဂန္ထဝင် ကာကာက အေစီမီလန်ကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ချဲလ်ဆီးရဲ့ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး ချဲလ်ဆီးအနေနဲ့ သူ့အသင်းဟောင်းကို အနိုင်ရရှိဖို့ ထိုက်တန်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။