အရွယ်ရလာလို့ အရန်ခုံ ထိုင်လာရတာကို နားလည် လက်ခံဖို့ ရော်နယ်ဒိုအား ရွန်းနီ နားချ တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်းနီကတော့ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ထင်ထားသလို စွမ်းဆောင်ရည်ကောင်းတွေ မပြသထားနိုင်သလို အရေးကြီးတဲ့ ပွဲတွေမှာ အရန်ခုံပေါ်ပါ ရောက်နေတဲ့ သူ့ရဲ့ အသင်းဖော်ဟောင်း ရော်နယ်ဒိုအနေနဲ့ အသက်အရွယ်ကြောင့် အရန်ခုံထိုင်ရတာကို လက်ခံသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ယူနိုက်တက်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ နည်းပြသစ် အဲရစ် တန်ဟက် ရဲ့ လက်အောက်မှာ ပုံမှန် ကစားခွင့် မရသေးသလို ကစားခွင့် ရတဲ့ ပွဲတွေမှာလည်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခြင်း မရှိပါဘူး။

အထူးသဖြင့် ရော်နယ်ဒိုက ပြီးခဲ့တဲ့ တပတ်မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အရန် လူစာရင်းထဲ ပါဝင်ခွင့် ရခဲ့ပေမယ့် ဝင်ရောက် ကစားခွင့် မရခဲ့တဲ့နောက် စိတ်ပျက်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်း လက်ရှိ ဒီစီ ယူနိုက်တက် နည်းပြ ဝိန်းရွန်းနီကတော့ ရော်နယ်ဒို ဟာ အသက် အရွယ်ကြောင့် အရင်လို စွမ်းဆောင်ရည်မျိုး မရှိတော့တာကို လက်ခံဖို့ လိုအပ်ကြောင်းနဲ့ ဒီအရွယ်မှာ အရန်ခုံမှာပဲ ထိုင်ရတဲ့ ပွဲတွေ ရှိလာတာဟာ ပုံမှန်ပါပဲလို့ တိုက်တွန်း အားပေးစကား ပြောကြားသွားခဲ့ပါတယ်။

ဝိန်းရွန်းနီက – “နည်းပြတိုင်းကတော့ သူတို့အသင်း အောင်မြင်မယ့် ကစားကွက်မျိုးနဲ့ အနိုင်ရမယ့် လူစာရင်းကိုပဲ သုံးစွဲကြမှာပါပဲ။ ကျွန်တော်က ရော်နယ်ဒိုကို တခု အသိပေးချင်ပါတယ်။ သူနဲ့ မက်ဆီက ထာဝရ အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်တာကြောင့် ပွဲတိုင်းမှာ ဝင်ရောက် ကစားခွင့် ရသင့်တဲ့ ကစားသမားမျိုးတွေပါ။

ဒါပေမယ့် အချိန်က ကျွန်တော်တို့ အားလုံးကို တိုက်စားသွားတတ်ပါတယ်။ သူက အသက် ၂၂နှစ်၊ ၂၃နှစ် အရွယ် ရော်နယ်ဒို မဟုတ်တော့ပါဘူး။ ဒါကို သူ နားလည်ရပါမယ်။

သူ့အတွက် အရန်ခုံမှာ ထိုင်နေရတာဟာ လက်ခံဖို့ ခက်ခဲတဲ့ အရာတခု ဆိုတာ သိပါတယ်။ ဒါက သူ့အတွက် အတော်လေးကို ခက်ခဲမယ့် အရာပါ။ ဒါပေမယ့် သူက အမှန်တရားကို လက်ခံဖို့ လိုပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။