အာဆင်နယ်ရဲ့ ပင်နယ်တီ အနိုင်ဂိုး ရဖို့ ဂျေးဆု က ဟန်ဆောင်သွားခဲ့တယ်လို့ လီဗာပူး နည်းပြ ကလော့ပ် ပြောဆို
အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် အာဆင်နယ်က နောက်ကျ ပင်နယ်တီသွင်းဂိုးနဲ့အတူ အိမ်ကွင်းမှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အဖိုးတန်နိုင်ပွဲ တပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် အိမ်ရှင် အာဆင်နယ်က အပေးအယူ အချိတ်အဆက် ပိုမို ကောင်းမွန်ခဲ့ပြီး လီဗာပူးကတော့ တန်ပြန် တိုက်စစ်ကိုသာ အားပြု ကစားခဲ့ရပါတယ်။
ပွဲရဲ့ အလှည့်အပြောင်းကို ဖြစ်စေခဲ့တဲ့ အခိုက်အတန့်ကတော့ ပွဲချိန် ၇၄မိနစ် ဝန်းကျင်မှာ လီဗာပူး ကွင်းလယ်လူ သီယာဂိုက အာဆင်နယ်ရဲ့ ဖြတ်တင်ဘောကို ရှင်းထုတ်ဖို့ ကြိုးစားရာ ကနေ အာဆင်နယ် တိုက်စစ်မှူး ဂျေးဆု ရဲ့ ခြေထောက်ကို ကန်မိခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့် အာဆင်နယ်က ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့သလို ဆာကာကလည်း ပင်နယ်တီကို အမှားအယွင်း မရှိ အဆုံးသတ်နိုင်ခဲ့တာကြောင့် အာဆင်နယ်ဟာ အနိုင်ဂိုးကို ရရှိသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ် အပြီးမှာတော့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်က ပေးလိုက်ရတဲ့ ပင်နယ်တီ အတွက် မပျော်မရွှင် ဖြစ်နေပြီး ဂျေးဆုဟာ ပင်နယ်တီ ရဖို့ သရုပ်ဆောင်သွားခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။
ကလော့ပ်က – “ကျွန်တော်တို့ ပေးလိုက်ရတဲ့ ပင်နယ်တီက အရမ်း အရမ်းကိုမှ ပင်နယ်တီ ပေးရနိုင်ချေ နည်းလွန်းတဲ့ အခြေအနေ ကနေ ခွင့်ပြုပေးလိုက်ရတဲ့ ပင်နယ်တီပါ။ ခင်ဗျားတို့တွေ အဖြစ်အပျက်ကို ပြန်ကြည့်လိုက်ဗျာ။ ကျွန်တော်က သီယာဂိုဟာ ဂျေးဆု ကို ထိချက်ပြင်းပြင်းနဲ့ ထိခဲ့တယ်လို့ကို မထင်ပါဘူး။
ဂျေးဆု လဲကျသွားတာကလည်း အရမ်းကို နှေးလွန်းပါတယ်။ တကယ်ဆို ထိလိုက်တာနဲ့ ဘန်းကနဲ လဲကျသွားရမှာလေ။ ဒါပေမယ့် ဂျေးဆု လဲကျသွားတာက နှေးပါတယ်။
ဒါပေမယ့် မစ္စတာ အင်္ဂလန်က (VAR ဒိုင်အား ညွှန်းဆို) ဒီဖြစ်ရပ်ကို ဒိုင်လူကြီးဆီ ထပ်ပြီးတောင် မပြတော့ပဲ ပင်နယ်တီလို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့က ဒီလို အခြေအနေတွေကို ပြောင်းလဲလို့ မရဘူးလေ” လို့ ဝေဖန်သွားခဲ့ ပါတယ်။