ဒီည မီလန်နဲ့ ပွဲ မပါနိုင်တဲ့ အသင်းသား ၃ဦး၊ အကယ်ဒမီထွက်တွေ သုံးချင်တဲ့ ပေါ်တာ၊ သီယေဂို စာချုပ်သစ်နဲ့ ချယ်ဆီး သတင်းတိုများ
ချယ်ဆီး အသင်းဟာ ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ အဖြစ် အေစီမီလန် အသင်းကို မီလန်မြို့ရှိ ဆန်စီရိုကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြင်သစ် ကြယ်ပွင့် ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာ က အရင်ပွဲမှာဒဏ်ရာ ရသွားတာကြောင့် ဒီည မီလန်နဲ့ ပွဲကို လွဲချော်ထားသလို တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ်နဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေတို့လည်း အသင်းနဲ့ လိုက်ပါလာခဲ့ခြင်း မရှိပါဘူး။
ချယ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက ကလပ် အကယ်ဒမီက မွေးထုတ်ပေးတဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေကို ကစားခွင့် ပေးရတာ သဘောကျကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ပေါ်တာ ရောက်လာတည်းက အကယ်ဒမီ ထွက်တွေ ဖြစ်တဲ့ ချာလိုဘတ်၊ ဂျိမ်းစ်၊ ဂလယ်ဟာနဲ့ လော့ဖ်တပ်ချိစ်တို့ဟာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိနေပါတယ်။

ဘရာဇီး လက်ရွေးစင် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားဟာ ဒီရာသီ အကုန်မှာ ချယ်ဆီးအသင်းနဲ့ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်ပေမယ့် အသက် ၃၈နှစ် ရှိသည့်တိုင် အရွယ်နဲ့ မလိုက်နဲ့အောင် အားထားရတာကြောင့် ကလပ်ဖက်က နောက်တနှစ် စာချုပ်သစ် ကမ်းလှမ်းနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
ချယ်ဆီးအသင်း အတွက် ပထမဆုံး သွင်းဂိုး ကို ဝုဗ်နဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှုး ဘရိုဂျာ က ထိုနေ့က သူ့ ဖခင်ရဲ့ မွေးနေ့ ဖြစ်ပြီး သွင်းဂိုးနဲ့ အတူ အောင်ပွဲခံစရာ အကောင်းဆုံး နေ့ တစ်နေ့ ဖြစ်ကြောင်း ဝမ်းမြောက် စကား ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ မေဆန်မောင့် ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက ဖော်ပြလာပါတယ်။ မောင့်ရဲ့ လက်ရှိ စာချုပ်က ၂၀၂၄ မှာ ကုန်ဆုံးမှာပါ။
စနေနေ့က ဝုဗ်နဲ့ ပွဲမှာ ချယ်ဆီး နဲ့ ပွဲဦးထွက် ပါဝင် ကစားခွင့် ရခဲ့တဲ့ ချူဝူမီကာ က သူ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာသလို ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ ၎င်းက အသက် ၆ နှစ်သားတည်းက ချယ်ဆီး ပရိသတ် တစ်ဦး ဖြစ်ခဲ့သူပါ။
လိုက်ပ်ဇစ်ကနေ ထွက်ခွာလာတဲ့ ခရစ္စတိုဖာ ဗီဗယ် ကို ချယ်ဆီးအသင်းက ဒီအပတ်ထဲမှာ နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ်ဖို့ အပြီးသတ် ကြေညာမှာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ခဲ့ပါတယ်။