ချဲလ်ဆီး ကံကောင်းလို့ နိုင်တာ ဝန်ခံခြင်း၊ လှုပ်ခတ်လာတဲ့ အမ်ဘတ်ပီ၊ ဒီဂီယာ သက်တမ်းတိုးဖို့ သတိပေးမှုနဲ့ ယနေ့ နံနက်ခင်း ဘောလုံးသတင်းများ
ချဲလ်ဆီးအသင်းအနေနဲ့ မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ တစ်ယောက်လျော့ မီလန်အသင်းကို အီတလီမြေမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ချဲလ်ဆီးနည်းပြ ပေါ်တာကတော့ ဒီနိုင်ပွဲဟာ ကံတရားရဲ့ဖေးမမှုလည်း ပါဝင်နေတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
ပီအက်စ်ဂျီ တိုက်စစ်ကြယ်ပွင့် အမ်ဘတ်ပီဟာ ပြီးခဲ့တဲ့ မေလတုန်းက သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုစဉ် ပြင်သစ်ကလပ် ပေးခဲ့တဲ့ လူသစ်ခေါ်ယူမှုနဲ့ အသင်းမှာ နေရာပေးမှု ကတိစကားတွေ ဖြစ်မလာတာကြောင့် သစ္စာ ဖောက်ခံရသလို ခံစားနေရပြီး လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းလိုကြောင်း သတင်း ထွက်ပေါ်နေပါတယ်။
ပီအက်စ်ဂျီအသင်း ဘက်ကတော့ ထိုသတင်းတွေ မှားကြောင်း ငြင်းဆိုထားသလို ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ်က အမ်ဘတ်ပီတစ်ယောက် နေ့တိုင်းလိုလို အသင်းမှာ ပျော်ရွှင်နေတယ်လို့ ဆိုသွားခဲ့ပါတယ်။

အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကတော့ သူ့အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ အင်တာကနေ ဘာစီလိုနာအသင်းကို မပြောင်းရွေ့ခဲ့မိလို့ နောင်တရတာမျိုးမရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူး အသင်းကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲတွင် အာဆင်နယ် အသင်း ရဲ့ ပထမဂိုးမှာ ဆာကာ ဘောလုံး လက်ခံ ရယူစဉ် လူကျွံမှု ရှိ/မရှိ VAR က နည်းပညာ ချို့ယွင်းမှု ကြောင့် အဆုံးအဖြတ်ပေး သက်သေပြနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် မာတင်နယ်လီ ရဲ့ သွင်းဂိုးကို ခွင့်ပြု ပေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ခံလူဟောင်း တစ်ဦး ဖြစ်သူ ရီယို ဖာဒီနန် က လက်ရှိ အသင်းမှ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ အနေနဲ့ စာချုပ် သက်တမ်း တိုးမြှင့်ခွင့် ရရှိသင့်ပြီ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

နယူးကာဆယ်အသင်းမှာ တောက်လျှောက် ဆိုသလို သွင်းဂိုးတွေသွင်းယူနေပြီး ခြေစွမ်းကောင်းတွေပြသနေတဲ့ ကွင်းလယ်လူ ဂွီမာရက်စ်ကတော့ နွေတုန်းက ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဝန်ခံပြောဆို သွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့် နွေရာသီမှာ ဂျူဗင်တပ်တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးတွေ ပိုင်ဆိုင်နေတယ်လို့ အီတလီသတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။