အိမ်ကွင်းမှာတောင် အင်တာကို မနိုင်တဲ့နောက် ယူရိုပါလိဂ် ဆင်းကန်ရဖို့ နီးလာတဲ့ ဘာစီလိုနာ
ဘာစီလိုနာကတော့ အိမ်ကွင်းမှာ အင်တာမီလန် ကို အနိုင်မယူနိုင်ခဲ့ဘဲ ၃-၃ နဲ့ သရေ ကျသွားခဲ့ပါတယ်။ ဒီလို နိုင်ပွဲ ပျောက်ခဲ့တာကြောင့် လက်တွေ့ဆန်ဆန်ပြောရရင် ဘာစီလိုနာတို့ ယူရိုပါလိဂ်ဘက်ကို ခြေတစ်ဖက် စတင် လှမ်းလိုက်ပြီ ဆို ရတော့မှာပါ။
ဘာစီလိုနာအနေနဲ့ ဒီပွဲမှာ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဒမ်ဘီလီ၊လီဝန်၊ ရာဖင်ဟာတို့ကိုပဲ တွဲပေးခဲ့ပါတယ်။
ကွင်းလယ်မှာ ဘက်စကွက်စ်၊ ပတ်ဒရီ၊ ဂါဗီတို့ကို အသုံးပြုပြီး နောက်တန်းမှာ ရော်ဘတ်တို၊ ဂါစီယာ၊ ပီကေး၊ အလွန်ဆိုတို့ကို ကစားစေခဲ့တာပါ။ အင်တာက ၃-၅-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ဒီဇီကို၊ မာတီနက်ဇ်၊မီခီတာရန်၊ ကော်ဟယ်ဂလူ၊ ဘာရယ်လာ၊ ဒန်ဖရိုင်းတို့ စုဖွဲ့မှုနဲ့ ဘာစီကို ရင်ဆိုင်ခဲ့ပါတယ်။

ပွဲစတယ်ဆိုတာနဲ့ ဘာစီလိုနာက သူတို့ရဲ့ ထုံးစံအတိုင်းဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးတိုက်စစ်ဆင်ရင်း ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအနေနဲ့ ခွန်ဒေ၊ အာရူဟိုတို့ အဓိက နောက်ခံလူနှစ်ဦးမပါတဲ့
အကျိုးဆက်ကို ကြီးကြီးမားမား ခံစားလိုက်ရတာပါပဲ။
ပီကေးအတွက်တော့ နောက်ထပ်အခွင့်အရေး ထပ်ပေးဖို့ မဖြစ်နိုင်တော့တာ သေချာခဲ့တဲ့ပွဲပါ။ သူ့ရဲ့ ဆုံးဖြတ်ချက် အမှားတွေက အသင်းကို နစ်မွန်းစေခဲ့ပါတယ်။ အင်တာက နူးကမ့်မှာ သရတစ်မှတ်ကိုသာဦးတည်လာခဲ့ပြီး ပထမပိုင်းမှာ ခံစစ်ကို အထိုင်ချခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာအင်တာရဲ့ ပြန်တုံ့ပြန်နိုင်စွမ်းက အားရစရာကောင်းပြီး အသိအမှတ်ပြုရမယ့် အနေအထားပါ။
အလွန်ဆိုဟာ ဘာစီလိုနာနဲ့ လိုက်ဖက်တဲ့ ကစားသမားမဟုတ်ဘဲ သူ့ကြောင့် အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်က Form အောက်နေတဲ့ပွဲများနေပါပြီ။ ဒီပွဲမှာ ဘာစီလိုနာတိုက်စစ်ကတော့ သူ့အလုပ်သူ လုပ်သွားရှာပြီး လီဝန်ဒေါစကီးက အားရစရာခြေစွမ်းကို ပြသခဲ့ပါတယ်။
အင်တာကွင်းလယ်မှာ ကော်ဂယ်ဂလူရဲ့ခြေကဂုဏ်ထူးမှတ် ပေးရမှာဖြစ်ပြီး ဘာစီတိုက်စစ်ဆင်မှုတွေကို ဟန့်တားနိုင် ခဲ့သလို ကွင်းလယ်မှာ မားမားမတ်မတ် ရှိခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဘာစီလိုနာဟာဒမ်ဘီလီရဲ့ဂိုးနဲ့ ဦးဆောင်နိုင် ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အင်တာမီလန်ရဲ့ တုံ့ပြန်ပုံက ပိုကောင်းလာခဲ့ပြီး ပွဲကပိုပြီး အကြိတ်အနယ်ရှိကာ ပြိုင်ဆိုင်မှု ပြင်းထန် ခဲ့ပါတယ်။ မိနစ်၅၀ မိနစ်မှာ ဘာရယ်လာက အင်တာအတွက် ချေပဂိုးသွင်းခဲ့ပြီး ၆၃ မိနစ်မှာ လော်တာရို မာတီနက်ဇ်ကဧည့်သည်အတွက ်ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။
ဦးဆောင်ဂိုးပါ ပြန်ပေးလိုက်ရချိန်မှာ ဘာစီလိုနာက အစွမ်းကုန်တိုက်စစ်ဆင်ခဲ့ပြီး လီဝန်ဒေါစကီးက ၈၂ မိနစ်မှာ လိုက်ချေပခဲ့ပါတယ်။ ၈၉ မိနစ်မှာ ဂိုဆန်က အင်တာမီလန်အတွက် ဂိုးထပ်သွင်းခဲ့ပေမယ့်ဒီတစ်ကြိမ်မှာလည်း လီဝန်က ချေပဂိုးလိုက်သွင်းပေးခဲ့ပါတယ်။
ဒီ သရေပွဲကြောင့် ဘာစီလိုနာဟာ အုပ်စုတွင်း တတိယ နေရာမှာ ရပ်တည်နေရပြီး ယူရိုပါလိဂ် ဆင်းရမလား စဉ်းစားနေရပြီ ဖြစ်ပါတယ်။