ဘာစီလိုနာ ယူရိုပါလိဂ် ဆင်းကန်ဖို့ ဆုတောင်း မျှော်လင့်နေတော့မှာ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်

ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရမယ်ဆိုရင် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင် ကို ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ လက်ရှိမှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲတွေ ပြီးဆုံးဖို့ ၂ ပွဲသာ လိုတော့တဲ့ အချိန်မှာ ဒုတိယနေရာက အင်တာမီလန်နဲ့ ၃ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ယူရိုပါလိဂ်ကို ဆင်းကန်ရဖို့ များနေသလို ဝင်ငွေလည်း ကြီးကြီးမားမား ထိခိုက်ဖို့ ရှိနေပါတယ်။

အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ ဒီဂျောင် ကို ရောင်းထုတ်ဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပြီး အဲဒီလို ရောင်းထုတ်မှသာ ဟန်မပျက် ဆက်လက်လည်ပတ်ဖို့အတွက် ငွေကြေး များများစားစား ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ယော်ဒီ အယ်လ်ဘာ၊ ပီကေးနဲ့ ဆာဂီယို ဘူးစ်ကတ်တို့ကလည်း အသင်းကို စွန့်ခွာရတော့မှာဖြစ်ပေမယ့်လည်း အယ်လ်ဘာနဲ့ ပီကေးတို့ရဲ့ စာချုပ်ဟာ ၂၀၂၄ မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ဘူးစ်ကတ်ကတော့ လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒီဂျောင်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပြီး ဘာစီလိုနာနဲ့ မန်ယူ အသင်းတို့ကြား ပေါင် ၇၂ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း နယ်သာလန် ကွင်းလယ်သူက နူးကမ့်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းကတည်းက ဒီဂျောင်ဟာ ပြိုင်ပွဲစုံ ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ဂါဗီနဲ့ ပီဒရီတို့က ပွဲထွက် ကစားခွင့် ပိုမို ရရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီဂျောင်ဟာ လက်ရှိ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်နဲ့အတူ အေဂျက်စ် အသင်းမှာတုန်းက အလုပ်အတူတူ တွဲလုပ်ခဲ့ကြဖူးသူတွေဖြစ်ပြီး လာမယ့်နွေရာသီမှာတော့ ပြန်လည် ပေါင်းစည်းနိုင်ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ လီဗန်ဒေါစကီး၊ ရာဖင်ညာတို့လို ကစားသမားတွေကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃၂ သန်း သုံးစွဲခဲ့တာဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ရမယ်ဆိုရင် ဘဏ္ဍာရေး ထိခိုက်မှုကို ထိန်းညှိဖို့ လိုအပ်မှာဖြစ်တာကြောင့် ဒီဂျောင်ကို မဖြစ်မနေ ရောင်းထုတ်သွားဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် မန်ယူအသင်းကလည်း ဒီဂျောင် ကို အလိုရှိတဲ့ အတိုင်း ခေါ်ခွင့်ရဖို့ ဘာစီလိုနာ ယူရိုပါလိဂ် ဆင်းကန်ဖို့ ကို မျှော်လင့်နေတော့မှာပါ။

နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင် ဟာ ၂၀၁၉ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ပွဲပေါင်း ၁၅၀ ကစားပေးထားရာမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ထားသူဖြစ်ပါတယ်။