လိဒ်စ်နဲ့ ပွဲကြို အခြေအနေ၊ တိုက်စစ် နာမည်ကြီး ပစ်မှတ်များ၊ ဂါဘရီရယ် အရန်ပစ်မှတ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ စုစည်းမှု
လိဒ်စ်ယူနိုက်တက်တို့ရဲ့ ပထမပိုင်းမှာ ဝုန်းဒိုင်းကြဲ ကစားတတ်တာကို သတိထားဖို့ အာဆင်နယ်တို့ကို ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က သတိပေးလိုက်ပြီး သူတို့ အားကုန်သွားတာနဲ့ အဝေးကွင်း ကစားမယ့် ဂန်းနားတွေ ဝုန်းပြီး နိုင်ပွဲ ဆင်နွှဲဖို့ အချိန်လို့ ခန့်မှန်းသွားပါတယ်။
အာဆင်နယ် က လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဘူကာယို ဆာကာနဲ့ ဂါဘရီယယ်လ် မာတီနယ်လီတို့ကို အမ်းမရိတ်မှာ စိတ်ချရမယ့် နှစ်ရှည်စာချုပ်တွေနဲ့ မြန်မြန်ဆန်ဆန် ချည်နှောင်ထားဖို့ ကွင်းလယ်လူဟောင်း ရေးပါလာက တိုက်တွန်း လိုက်ပြီး အရင်က အမှားတွေကို သင်ခန်းစာယူဖို့နဲ့ ရော်ဘင် ဗန်ပါစီ၊ ဆမီယာ နာဆရီတို့ကို ပေါပေါပဲပဲ အလကားနီးပါး လက်လွှတ်ခဲ့ရတာမျိုး ထပ်မဖြစ်စေဖို့ သတိပေးလိုက်ပါတယ်။
အာဆင်နယ်တို့ရဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ကစားမယ့် လူစာရင်းမှာ နောက်ခံလူ ဇင်ချန်ကိုကလွဲလို့ ကျန်တဲ့ ကစားသမား အစုံအလင် ပါဝင်နိုင်မှာဖြစ်ပြီး နည်းပြ မီခယ်လ် အာတီတာအနေနဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကိုလည်း ဒဏ်ရာကြောင့် မဟုတ်ဘဲ အနားပေးထားခဲ့တာသာဖြစ်လို့ အဝေးကွင်းမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ရှိနေပါတယ်။

နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အသင်းရဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ အင်တာမီလန်ရဲ့ လော်တာရို မာတီနက်ဇ်နဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဂျာအို ဖဲလစ္စတို့ကို စိတ်ဝင်စားနေပေမယ့် သူတို့တွေရဲ့ ပြောင်းရွှေ့ကြေး မြင့်မားနိုင်မှုကြောင့် ဇန်နဝါရီမှာ ခေါ်ယူဖို့ထက် နွေရာသီအထိ စောင့်ရဖွယ်ရှိနေပါတယ်။
အာဆင်နယ်တို့အနေနဲ့ အသင်းရဲ့ အရေးအပါဆုံး ဘယ်နောက်ခံအတွင်းလူနေရာကို ဂါဘရီယယ်လ် မာဂါဟေးစ် တစ်ဦးတည်း ဒိုင်ခံပြီး ကစားနေရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ဖို့ ဖရန့်ဖတ်နောက်ခံလူ အီဗန် အန်ဒစ်ကာအပြင် ဘရာဇီးလ်ကလပ် ကိုရင်သီယန်စ်ရဲ့ အသက် ၁၉ နှစ်အရွယ် ခံစစ်မှူး ရောဘတ် ရီနန်ကိုလည်း စောင့်ကြည့်နေ ပါတယ်။
အာဆင်နယ်တို့အနေနဲ့ မာတီနယ်လီကို စာချုပ်သစ် ချုပ်ဖို့ရာ တစ်ပတ်ကို ပေါင်နှစ်သိန်းပေးရမယ်ဆိုတာ မဟုတ်မှန် ကြောင်းနဲ့ ဘရာဇီးလ် လူငယ်ဟာ လက်ရှိမှာ ပေါင် ကိုးသောင်း မရဘဲ ပေါင်သုံးသောင်းသာ ရနေတာကြောင့် လွန်ရောကျွံရော တစ်ပတ်ကို ပေါင်တစ်သိန်းနဲ့ စာချုပ်သစ်ကိစ္စ ပြီးပြတ်လိမ့်မယ်လို့ The Times ထုတ်ဖော်သွားပါတယ်။

ပြီးခဲ့တဲ့ ဘိုဒို/ဂလင့်မ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေစွမ်း ဆိုးခဲ့တဲ့ ရီးစ် နယ်လ်ဆန်နဲ့ အက်ဒီ နကီးတီးယားတို့ကြောင့် ဇန်နဝါရီမှာ အာဆင်နယ်တို့ ဘယ်တောင်ပံတိုက်စစ်သမားတစ်ဦးကို ခေါ်ယူသွားမယ်လို့ ခန့်မှန်းနေကြပြီး ပြင်သစ် ကလပ် ရင်းနေးအသင်းရဲ့ ဘယ်လ်ဂျီယမ်သား ယယ်ရမီ ဒိုကူနဲ့ အသံတွေ ထွက်ပေါ်နေပါတယ်။
လီဗာပူးနဲ့ ပွဲမှာ သူ့ကို အသုံးမပြုဘဲ အသင်းဖော် တာကဲဟီရို တိုမီယာစုကို ဘယ်နောက်ခံမှာ ပွဲထွက်ဖို့ ရွေးချယ် ခဲ့တာအတွက် စိတ်မကောင်းဖြစ်မိပေမယ့် ဂျပန်သားရဲ့ ခြေစွမ်းပြသမှုနဲ့ နည်းပြ အာတီတာရဲ့ ကောင်းမွန်တဲ့ ဗျူဟာပြောင်းလဲမှုက အလုပ်ဖြစ်ခဲ့တာကို ဝမ်းသာမိပြီး လာမယ့်ပွဲတွေမှာ ပိုကစားချင်တယ်လို့ တီယာနေးက ပြောကြားခဲ့ပါတယ်။