ချဲလ်ဆီးအသင်းမှာ မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းမွန်ခဲ့တဲ့ ကစားသမား ခေါ်ယူမှု အကြောင်း ဖွင့်ဟ ပြောဆိုမှု
ချဲလ်ဆီး လက်ထောက် နည်းပြဟောင်း ဖြစ်တဲ့ ဂျိုဒီ မောရစ်က သူ ဖရန့် လမ်းပတ်နဲ့ လက်တွဲ အလုပ်လုပ်ခဲ့စဉ်က ချဲလ်ဆီး အသင်းမှာ သူ မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းနေတဲ့ ကစားသမား တစ်ဦး အကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မောရစ် ရည်ညွှန်း ချီးကျူးခဲ့တာက ဘရာဇီး လက်ရွေးစင် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဖြစ်ပါတယ်။ မော်ရစ်ဟာ သီယာဂို ဆေးလ်ဗား ကို ရာသီဝက်ကြာ ကိုင်တွယ်ခွင့် ရခဲ့ပါတယ် ။
မောရစ် က ” သီယာဂိုဟာ ကျွန်တော် အရင်က ထင်ထားတာထက် အများကြီး ပိုကောင်းတဲ့ ကစားသမား ဖြစ်ပါတယ် ။ ဒါပေမယ့် သူ့အပေါ် ထားရှိတဲ့ လေးစားမှုတွေကတော့ ပြောင်းလဲမသွားပါဘူး ။ သူဟာ ထိပ်တန်း အဆင့်ရှိ ခံစစ်မှူး တဦး ဆိုတာ ကျွန်တော် အမြဲ လက်ခံထားပါတယ်။ ”

” ဒါပေမယ့် အီတလီ ၊ ပြင်သစ်လိဂ်တွေမှာ ကစားပြီး ပရီးမီးယားလိဂ် ပြောင်းလာတဲ့ ကစားသမားတွေထဲမှာ သီယာဂိုလို တပတ်ပြီး တပတ် ၊ တပွဲပြီး တပွဲ တည်တည်ငြိမ်ငြိမ် စွမ်းဆောင်ရည်ပြနိုင်တဲ့သူ များများစားစား မရှိပါဘူး ။ သူနဲ့ အနီးကပ် အလုပ် အတူတူ လုပ်ခွင့် ရခဲ့တာကြောင့် သူဟာ ခေါင်းဆောင် တဦး၊ အရည်အသွေး ပြည့်စုံတဲ့ ကစားသမား တဦး ဆိုတာ သိလာရပါတယ်။”
” သူဟာ တဦးချင်း ထိပ်တန်းအဆင့် စွမ်းဆောင်ရည်မျိုး ပေးနိုင်ရုံမက သူ့အနားမှာ ရှိတဲ့ အသင်းဖော်တွေရဲ့ ခြေစွမ်းကိုပါ ပိုကောင်းလာစေပါတယ်။ သူဟာ အသင်းကို ကောင်းကောင်း ဦးဆောင်ပေးနိုင်ပြီး ၊ တည်ငြိမ်မှုကို ယူဆောင်လာပေးတာက ရိုးရိုးလေးနဲ့ ပြောင်မြောက်မှု ရှိပါတယ်။ ”
” အသင်းက ဆိုးရွားတဲ့ ကာလကို ဖြတ်သန်းနေရရင်တောင် သီယာဂိုရဲ့ စွမ်းဆောင်ရည်က ကျမသွားပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ်။
အသက် ၃၈နှစ် အရွယ်ရှိ သီယာဂို ဆေးလ်ဗားဟာ ချဲလ်ဆီးမှာ ကစားလာတာ ယခုနှစ်မှာ ၃ရာသီမြောက် ရှိလာပြီ ဖြစ်ပါတယ်။
လက်ရှိမှာ ချဲလ်ဆီး အသင်းဟာ နည်းပြ အပြောင်းအလဲ လုပ်ပြီးတဲ့နောက် ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေပြီး ၊ ကစားထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲမှာ ၄ပွဲနိုင် ၊ တပွဲသရေ ရလဒ် စွမ်းဆောင်ထားကာ ၊ Clean Sheet ၃ပွဲဆက် ရခဲ့ပါတယ်။
ဂျိုဒီ မောရစ်ကတော့ လက်ရှိ ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာရဲ့ လုပ်ဆောင်ချက်တွေ အပေါ်လည်း ချီးကျူးပြောဆို ခဲ့ပါတယ်။