အာဆင်နယ် ဒီရာသီ ပရီးမီးယားလိဂ် ဖလား ရသွားနိုင်တယ်လို့ ယုံလာပြီ ဖြစ်ကြောင်း ဝန်ခံလာတဲ့ ပြိုင်ဘက်ဟောင်း

အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ပြသနေတဲ့ ခြေစွမ်းတွေအရ ပရီးမီးယားလိဂ် ဖလားကြီးကို ၂၀၀၃-၀၄ ရာသီနောက်ပိုင်း တစ်ကျော့ပြန် ဆွတ်ခူးနိုင်တော့မယ်လို့ သူယုံကြည်နေမိပြီဖြစ်ကြောင်း ဂန်းနားတွေရဲ့ ပြိုင်ဘက်ဟောင်းဖြစ်ခဲ့သူ အင်္ဂလန် ကွင်းလယ် ကစားသမားဟောင်း ဂျိုးကိုးလ်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်ကတော့ သူတို့ကို ယုံကြည် နေပြီဗျ။ အာဆင်နယ်က ပြီးခဲ့တဲ့ ၁၀ နှစ်လောက်အတွင်းမှာ ကိုယ့်ကို ကိုယ်ဖျက် သံချေးတက်တဲ့ ပုံစံမျိုး ပြသနေခဲ့ပေမယ့် ခုတော့ ဒီလိုမျိုး မဟုတ်တော့တာ အသေအချာပါပဲ။

သူတို့တွေက အကောင်းဖက်ကို တစ်ပုံစံပြီး တစ်ပုံစံ ပြောင်းလဲတိုးတက်လာနေတာဖြစ်ပြီး နည်းပြ မီခယ်လ် အာတီတာ စိုက်ပျိုးထားတဲ့ အသီးအပွင့်တွေလို့ ဆိုရမှာပေါ့ဗျာ။ အထူးသဖြင့် လူငယ်ကစားသမားတွေ အသင်းကို ဝင်ရောက် လာကြပြီး ချောဆီကောင်းကောင်းထည့်ထားတဲ့ စက်တစ်လုံးလိုပဲ သပ်သပ်ရပ်ရပ် အလုပ်လုပ်ပြသွားနိုင်ခဲ့ကြပါတယ်။

သူတို့တွေ ခြေစွမ်းပြနေတာကို အာဆင်နယ်ပရိသတ်တွေ ရင်ခုန်နေကြမှာပါ”လို့ ဂျိုးကိုးလ်က ပြောဆိုခဲ့တာပါ။

“ပြီးတော့ အာတီတာရဲ့ အသင်းပုံစံ မပျက်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်ထားနိုင်တဲ့ စီမံခန့်ခွဲမှုကိုလည်း ချီးကျူးရမယ်။ ဥပမာ သူတို့ရဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးနဲ့ ပွဲထွက်ကစားသမား သုံးလေးယောက်ကို ထည့်ကစားနေတာမျိုးပေါ့။ ဒါက စွမ်းဆောင်ရည်ကောင်းကို လက်ဆင့်ကမ်းရာရောက်တယ်လေ”လို့လည်း ကိုးလ် က သုံးသပ်သွားခဲ့တာပါ။

ဝက်စ်ဟမ်း၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့လို အာဆင်နယ်ရဲ့ ပြိုင်ဘက် ပရီးမီးယားလိဂ်သုံးသင်းမှာ ကစားခဲ့ တဲ့ ဂျိုးကိုးလ်အနေနဲ့ ခုလိုမျိုး ပြောရဲတယ်ဆိုတာကတော့ တော်ရုံ ယုံကြည်မှု မဟုတ်ဘူးလို့လည်း ဆိုရမှာပါ။

အာဆင်နယ် က ဒီနေ့ညမှာ လိဒ်စ် ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး တဖက်မှာ ပရီးမီးယားလိဂ် အဓိက ပြိုင်ဘက် မန်စီးတီးက လီဗာပူးနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။