အူဘာမီးယန်းကို စိုးရိမ်မှု၊ ချဲလ်ဆီးကို ငြင်းခဲ့တာ နောင်တမရသူ၊ ဒဏ်ရာရ အသင်းသားများနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီး အစွန်ခံစစ်သမား ရိစ်ဂျိမ်းစ် ဒဏ်ရာဟာ သီတင်းပတ် ၈ ပတ်လောက် အနားယူရတော့မှာ ဖြစ်ပြီး နောက် ၅ ပတ်ရင် စတင်တော့မယ့် ကမ္ဘာ့ဖလားကို လွဲချော်ဖို့ များသွားပြီ ဖြစ်ပါတယ်။

ဂျိမ်းစ် အပြင် ချဲလ်ဆီး ကွင်းလယ် ကစားသမား ကန်တေကလည်း ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ကို လွဲချော်ဖို့ ရှိနေပြီး ခံစစ်မှုး ဖိုဖာနာ ကလည်း ချဲလ်ဆီး ဒဏ်ရာရ စာရင်းမှာ ပါဝင်နေပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း အန်ဒီ တောင်ဆန် က အူဘာမီးယန်း ဟာ လက်ရှိမှာ ဂိုးမြူးနေလို့ ချဲလ်ဆီးရဲ့ အရေးပါတဲ့ ကစားသမား တဦး ဖြစ်ပေမယ့်၎င်းရဲ့ ကစားပုံဟာ သွက်လက်ဖျတ်လတ်မှု မရှိတာကြောင့် ချဲလ်ဆီး အတွက် အချိန်ဖြုန်းခြင်းနဲ့ တူနေကြောင်း သုံးသပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် Deadline Day မှာ ဘာစီလိုနာကနေ ချဲလ်ဆီးသို့ ယူရို ၁၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂါဘွန် ဝါရင့်တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘာမီးယန်းဟာ အသင်းသစ်နဲ့ အတူ ဂိုးမြူးနေပြီး ၊ နောက်ဆုံး ပါဝင်ကစားခဲ့တဲ့ ၃ပွဲဆက် ဂိုးသွင်းထားပေးပါတယ်။

အင်္ဂလန်နဲ့ လီဗာပူး ကစားသမားဟောင်း ဟက်စကီးက ဒီရာသီ ကုန်ရင် မန်စီးတီးက ချန်ပီယံ၊ အာဆင်နယ် အဆင့် ၂၊ ချဲလ်ဆီး အဆင့် ၃နဲ့ လီဗာပူး အဆင့် ၄ တို့ ရမယ်လို့ သုံးသပ် ခန့်မှန်းလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ချဲလ်ဆီး နဲ့ သဘောတူညီမှု ရလုနီးပါး ရှိနေတဲ့ လိုက်ပ်ဇစ် တိုက်စစ်သမား အန်ကွန်ကူ ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားပါတယ်။ ချဲလ်ဆီး က အန်ကွန်ကူ ကို ၂၀၂၃ နွေမှာ ခေါ်ဖို့ အခုတည်းက သဘောတူညီမှု ရယူဖို့ လုပ်ဆောင်နေပါတယ်။

ချဲလ်ဆီး အသင်းဟာ လွန်ခဲ့တဲ့ ၈နှစ်ခန့်က လက်ရှိ လက်စတာ ခံစစ်မှူး ဗောက်ဖဲစ်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပြီး ဘရာဇီး လက်ရွေးစင် ခံစစ်မှူးဟောင်း ဒေးဗစ် လူးဝဇ်ရဲ့ လက်မှတ်ပါ ဂျာစီ တထည်ကို လက်ဆောင်ပေးကာ စည်းရုံးဖို့ ကြိုးစားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ်ရှိ ဖဲစ်က ဒေးဗစ် လူးဝဇ်နဲ့ သူ့အကြောင်း လူတွေ ခဏခဏ မေးတာကို နားလည်ကြောင်း ဖွင့်ဟရင်း ၊ ချဲလ်ဆီးထံမှ ကမ်းလှမ်းချက်ကို ရခဲ့ပေမယ့် ငြင်းပယ်ခဲ့ခြင်း အတွက် နောင်တမရခဲ့ကြောင်း ဂါးဒီယန်းနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ် ။