လူစားလဲခံရချိန် မကျေနပ်မှုကို သိသာသာသာ ပြခဲ့တဲ့ ရော်နယ်ဒို၊ ပွဲအပြီးမှာ ဖြေရှင်းချက်ပေးသွားတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက် က နယူးကာဆယ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုကို လူစားလဲခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပွဲအပြီးမှာ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲရဲ့ ပွဲကစားချိန် (၇၂) မိနစ်မှာ ရပ်ရှ်ဖို့ဒ်နဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ဒိုတယောက် လူစားလဲခံရချိန်မှာ မကျေမနပ်ဖြစ်ခဲ့ပြီး ခေါင်းတခါခါနဲ့ ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒါ့အပြင် အရန်ခုံတန်းမှာ ထိုင်နေချိန်အထိ ရော်နယ်ဒိုတယောက် နည်းပြ တန်ဟက် ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်ဟန်နဲ့ ခေါင်းကို တွင်တွင်ခါနေခဲ့တာပါ။

ပွဲအပြီးမှာတော့ တန်ဟက် က “ကျနော်တို့ (၁၀) ရက်အတွင်း (၄) ပွဲကစားရမှာဖြစ်ပြီး အဲ့ဒီအတွက် ကျနော်တို့ ပြင်ဆင်ရပါမယ်။ အထူးသဖြင့် တိုက်စစ်မှူးတွေအတွက်ပေါ့။ ကျနော် သူတို့ကို လန်းလန်းဆန်းဆန်း ရှိစေချင်ပါတယ်။ ကစားသမားအားလုံးကိုလည်း ကြံ့ခိုင်မှုအပြည့်နဲ့ လန်းလန်းဆန်းဆန်းရှိစေချင်ပါတယ်။ အလှည့်ကျလည်း ကစား ရပါလိမ့်မယ်”

“ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာရှိနေတဲ့ အခြားသောပြဿနာတွေကြောင့်ပေါ့။ လက်ရှိအခိုက်အတန့်မှာ မာရှယ်လ်က မကစားနိုင်ပါဘူး။ ရပ်ရှ်ဖို့ဒ်ကလည်း သိပ်မကောင်းသေးပါဘူး။ ဒီတော့ သူ့အတွက် ပွဲချိန်ပြည့်ကစားဖို့ ခွန်အားမရှိပါဘူး။

ပွဲစဉ်လေးပွဲအတွက် ကျနော်တို့ ကာမိအောင် အစီအစဉ်ဆွဲရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလေးပွဲလုံးမှာ ကျနော်တို့ အနိုင်ရချင်တယ် ဒါမှမဟုတ် ရလဒ်ကောင်းရချင်တာတွေကြောင့်မို့လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

တန်ဟက် ဟာ ရော်နယ်ဒိုကို ပုံမှန်ပွဲထွက်ခွင့်မပေးထားဘဲ တတ်နိုင်သလောက် ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်တို့ကိုသာ ဦးစားပေး အသုံးပြုနေတာဖြစ်ပါတယ်။

ဒီအပေါ်မှာလည်း ရော်နယ်ဒိုတယောက်က စိတ်ပျက်နေရပြီး တန်ဟက်ခ်ရဲ့လုပ်ရပ်အပေါ်မှာလည်း မီဒီယာတွေ၊ ပရိသတ်တွေနဲ့ ယူနိုက်တက်ဂန္တဝင်ဟောင်းအချို့က မကြာခဏ ဝေဖန်နေကြပါတယ်။