စီ ရော်နယ်ဒို အပေါ် မန်ယူနည်းပြ တန်ဟက်က လေးစားမှု မရှိဘူးလို့ သရဲနီဟောင်း တစ်ဦးက ထပ်မံ ဝေဖန်

မန်ယူနည်းပြ အဲရစ် တန်ဟက် ရဲ့ စီ ရော်နယ်ဒို အပေါ် ပြုမှုဆက်ဆံတာတွေက လေးစားမှု မရှိဘူးဆိုပြီး နယူးကာဆယ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ သူ့ကို လူစားလဲပြီးနောက်မှာ ထပ်မံ ဝေဖန်ခံခဲ့ရပြန်ပါတယ်။

တန်ဟက်က မန်ယူအသင်းကို ကိုင်တွယ်ပြီးနောက် ရော်နယ်ဒို အပေါ် ဆက်ဆံတာ တရားမျှတမှု မရှိဘူး၊ ရော်နယ်ဒို အပေါ် လေးစားမှု မရှိဘူးလို့ မန်ယူ ကစားသမားဟောင်းတွေရဲ့ စဉ်ဆက် မပြတ်ဝေဖန်ခြင်း ခံရသူဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ၉ ပွဲမှာ ရော်နယ်ဒိုက ၂ ပွဲသာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး ၆ ပွဲကတော့ အရန်ခုံ က ကစားခဲ့ရတာပါ။ မန်စီးတီး နဲ့ပွဲမှာတော့ သူက အရန်ခုံက မထခဲ့ရပါဘူး။ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ရော်နယ်ဒိုကို တန်ဟက် လူစားလဲပြီးနောက် ထပ်မံ ဝေဖန်ခံရပြန်တာဖြစ်ပါတယ်။

ရော်နယ်ဒို အသင်းဖော်ဟောင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း လူးဝစ် ဆာဟာက နည်းပြ တန်ဟက် အပေါ် အခုလို ဝေဖန်ခဲ့ပါတယ်။

‘ရော်နယ်ဒို က နယူးကာဆယ်နဲ့ပွဲမှာ သူ ဂိုးသွင်းနိူင်မယ်လို့ ယုံကြည်မှုအပြည့်နဲ့ အားတိုက် အင်တိုက် ကစားခဲ့ပါတယ်။ သူ ဂိုးမရခင် မှာ လူစားလဲတော့ သူဘယ်လောက်တောင် စိတ်ပျက်လက်ပျက်ဖြစ်သွားလည်းဆိုတာ သူ့မျက်နှာမှာ အထင်းသား မြင်ရပါတယ်။ ရော်နယ်ဒို က အခုနောက်ပိုင်း အရင်လို ဂိုးမသွင်းနိူင်တော့ဘူးဆိုတာ မှန်ပေမယ့် သူက စက်ရုပ်မဟုတ်ဘူးဆိုတာကို လူတွေ နားလည်ရမှာပါ။

သူက မနှစ်က မန်ယူအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းပေးခဲ့ပါတယ်။ သူ့အသက် ၃၇ နှစ် ပေမယ့် သူ့ ကစားစွမ်းအင် ကျသွားတာ ကျွန်တော် မတွေ့မိသေးပါဘူး။ ရော်နယ်ဒို ကို လူစားလဲခဲ့တဲ့ တန်းဟဂ် ကို ကျွန်တော် သဘောမတူသလို ရော်နယ်ဒိုက တန်းဟဂ် ရဲ့ မမျှမတ ဆက်ဆံခြင်း၊ ရိုသေလေးစားခြင်း မရှိခြင်း ကို ဆက်ဆံခံနေရသူပါ။’ လို့ ဆာဟာက ပြောကြားလိုက်ပါတယ်။

ဆာဟာ အပြင် မန်ယူ ကစားသမားဟောင်း ပေါစခိုးလ်ကလည်း သူ့လိုပဲ တန်ဟက်ဟာ ရော်နယ်ဒိုကို ပြုမူ ဆက်ဆံနေတာ လေးစားမှု မရှိဘူးလို့ ထောက်ပြထားဖူးပါတယ်။