ကမ္ဘာ့ဖလား လွဲကြမယ့် ဂျိုတာနဲ့ ကန်တေ၊ လီယာအိုကို ကင်းထောက်လွှတ်ထားတဲ့ မန်ယူ၊ အရေးယူခံရမယ့် ကလော့ပ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဘရိုက်တန်နဲ့ ဖောရက်စ်တို့ ဂိုးမရှိ သရေကျခဲ့ပြီး ခရစ်တယ်ပဲလေ့စ်ကတော့ ဝုဗ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မန်စီးတီးနဲ့ ပွဲမှာ အနီကဒ်ပြသခံခဲ့ရတဲ့ လီဗာပူးလ် နည်းပြ ကလော့ပ်တစ်ယောက် အက်ဖ်အေရဲ့ အရေးယူခြင်း ခံရဖွယ် ရှိနေကြောင်း သတင်းရရှိပါတယ်။
ပြင်သစ် ကွင်းလယ်သမား ကန်တေ တံကောက်ကြော ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားကို လွဲချော်မှာ ဖြစ်ကြောင်း ချဲလ်ဆီး အသင်းက အတည်ပြုသွားခဲ့ပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျူဗင်တပ် အသင်းကွင်းလယ်လူ ပေါ့ဘာတစ်ယောက် လက်ရှိမှာတော့ အသင်းနဲ့ ပြန်လည် လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
အမ်ဘတ်ပေကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ရီးရဲလ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီးရက်ဇ်ကတော့ ၎င်းအနေနဲ့ ဘတ်ပေနဲ့ ပတ်သက်တဲ့ သတင်းတွေကိုတောင် ဝင်ရောက်ဖတ်ရှုခြင်း မရှိကြောင်း တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူ နည်းပြ တန်ဟတ်နဲ့ ရော်နယ်ဒိုကြား မည်သည့် ကတောက်ကဆ ပြဿနာမှ မရှိပေမယ့် ယခုတစ်ခေါက် စပါးနဲ့ ပွဲမှာ ရော်နယ်ဒို ပွဲထွက်ခွင့်ရဖို့ သေချာခြင်း မရှိသေးကြောင်း သိရပါတယ်။

ရီးရဲလ် မက်ဒရစ် အသင်းတိုက်စစ်မှူး ဘင်ဇီမာကတော့ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက မန်ယူအသင်းကို ရွေးချယ်ပြီး ရီးရဲလ်အသင်းကို ရွေးချယ်ဖြစ်ခဲ့ရခြင်းဟာ လူကိုယ်တိုင် လာရောက်စည်းရုံးခဲ့တဲ့ အသင်းဥက္ကဌ ပီးရက်ဇ်ကြောင့် ဖြစ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အပတ် ချဲလ်ဆီးနဲ့ အေစီမီလန်တို့ရဲ့ ပွဲစဉ်အတွင်း ပါဝင်ကစားခဲ့တဲ့ မီလန် ကြယ်ပွင့်တိုက်စစ်မှူးလေး ရာဖေးလ် လီယာအိုကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှွတ်ခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီးနဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ လီဗာပူးအသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှုး ဂျိုတာကလည်း ဒဏ်ရာ ပြင်းထန်တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို လွဲချော်ပြီ လို့ နည်းပြ ကလော့ပ်က အတည်ပြုခဲ့ပါတယ်။