အာဆင်နယ်ရဲ့ အဓိက ကြယ်ပွင့်ကို လစာ ပိုပေးပြီး ခေါ်ဖို့ ချဲလ်ဆီးအသင်း စီစဉ် လှုပ်ရှားနေ

ချဲလ်ဆီးအသင်း ပိုင်ရှင် တော့ဒ် ဘိုလေက လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်ကို အလဲထိုးဖို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်အနေနဲ့ ဂန်းနားတို့ရဲ့ တိုက်စစ် ကြယ်ပွင့် ကစားသမား ဘူကာယို ဆာကာ ကို အရ ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သား ကစားသမားဟာ မြောက်လန်ဒန်ကလပ် အာဆင်နယ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၂ နှစ်ထဲ ဝင်ရောက်လာပြီ ဖြစ်ပြီး သက်တမ်းတိုးဖို့ ဆွေးနွေးနေပေမယ့် အခုထိ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

CBS သတင်းဌာန အဆိုအရ ချဲလ်ဆီး အသင်းဟာ အာဆင်နယ် ကမ်းလှမ်းမယ့် စာချုပ်သစ်ထက် ပိုကောင်းတဲ့ အချက် အလက်တွေနဲ့ ဆာကာ ကို ကမ်းလှမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ဆာကာ ကို တစ်ပတ် ပေါင် ၂ သိန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ညှိနှိုင်းနေတာပါ။

ဒါပေမယ့် တော့ဒ်ဘိုလေက အင်္ဂလန် လက်ရွေးစင် ကစားသမားလေးကို စတန်းဖို့ဘရစ်ချ်ထံ အရောက် ခေါ်ယူလို နေပါတယ်။ အာဆင်နယ် ကတော့ ဆာကာ ကို ရောင်းဖို့ စဉ်းစားမှာ မဟုတ်တာကြောင့် ချဲလ်ဆီး တို့ အတော် ခက်ခက်ခဲခဲ ကြိုးစားရဖွယ် ရှိပါတယ်။

ဆာကာ ကို အခြား ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူး အသင်းတို့ကလည်း စောင့်ကြည့်နေကြောင်း အင်္ဂလန် The Times သတင်းက ဖော်ပြထားပါတယ်။

ဆာကာရဲ့ ဈေးကွက် ပေါက်ဈေးက ပေါင် ၈၆.၄ သန်း ရှိနေပါတယ်။ ဆာကာရဲ့ ဒီရာသီ ပိုကောင်းလာတဲ့ ခြေစွမ်းနဲ့ သွင်းဂိုးတွေက ဂန်းနားတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်အောင်လည်း အဓိက ကူညီပေးထားခဲ့တာပါ။

အာဆင်နယ်ဘက်ကတော့ ဆာကာ ကို စာချုပ်သစ် မြန်နိုင်သမျှ အမြန်ဆုံး ချုပ်ဆိုဖို့ ကြိုးစားနေပြီး ဒါမှသာ ကစားသမား ရဲ့ အာရုံပြန့်လွင့်မှုကိုလည်း တားဆီးနိုင်မယ်လို့ ယုံကြည်နေပါတယ်။