မောင့်ကို ဝေဖန်ကြတာကို အံ့သြနေတဲ့ ပေါ်တာ၊ စကားပြောမယ့် ဇာကရီရာ၊ ပေါမာဆင် အံ့အားသင့် ခဲ့ရသူနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီးအသင်းဟာ ကွင်းလယ် ကစားသမား အန်ဂိုလို ကန်တေရဲ့ ဒဏ်ရာက ကာလရှည်နားရမယ့် အကြောင်း အတည်ပြုသွားခဲ့ပြီ ဖြစ်ပါတယ်။ ကန်တေဟာ တံကောက်ကြော ဒဏ်ရာ ခွဲစိတ်မှု ခံယူခဲ့ရပြီး ၄လ လောက် အနားယူရတော့မှာဖြစ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်တော့မှာပါ။

ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ ကန်တေနဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ ဆွေးနွေးနေတဲ့ ကာလ ဖြစ်ပြီး ကစားသမားရဲ့ ဒဏ်ရာ ကိစ္စတွေကြောင့် သက်တမ်းတိုးကာလကို ၃နှစ်ထိ မပေးလိုဘဲ ညှိနှိုင်းနေရတာပါ။ အခုလို အချိန်မှာ ကန်တေ ကာလရှည် ဒဏ်ရာ ထပ်ရသွားတာကြောင့် ဆွေးနွေးမှုက ပို ခက်ခဲဖွယ် ရှိလာပါတယ်။

ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာ က မေဆင်မောင့် အပေါ် ဗီလာနဲ့ ပွဲတိုင်ခင်က မေးခွန်းထုတ်ခဲ့ကြခြင်း အပေါ် အံ့အားသင့်မိကြောင်း၊ မောင့်ဟာ ခံယူချက် မြင့်မားပြီး နေရာလွတ်တွေ ရှာဖွေပေးနိုင်တဲ့ ၊ ဂိုးသွင်း ၊ ဂိုးဖန်တီးပေးနိုင်တဲ့ ထိပ်တန်း ကစားသမား တဦး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နည်းပြ ပေါ်တာ က ပထမ ဂိုးသမား ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ” ကျွန်တော်ကတော့ ပွဲထွက် ကစားသမား ရွေးချယ်တဲ့ နေရာမှာ ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ပဲ အမြဲ ဆုံးဖြတ်ပါတယ်။ ကီပါဟာ လတ်တလော စွမ်းဆောင်ရည် အရမ်း ကောင်းနေပါတယ်။ ” လို့ ဖြေရှင်းခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ပြိုင်ပွဲစုံ ၆ပွဲမှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ နောက်ဆုံး ၅ပွဲဆက် အနိုင်ရထားကာ ၊ ၄ပွဲဆက် ပေးဂိုး မရှိထားပါဘူး ။ ၎င်းရဲ့ လက်အောက်မှာ ချဲလ်ဆီး အသင်းသား အချို့ရဲ့ စွမ်းဆောင်ရည်တွေ သိသိသာသာ တိုးတက်ခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါမာဆင်ကတော့ မထင်မှတ်ထားလောက်အောင် လက်စွမ်းတွေ ပြန်တက်လာတဲ့ ကီပါ အပေါ် သူ အထူး အံ့အားသင့်မိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

မနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဇာကာရိုင်းယား ဟာ ပွဲကစားခွင့် လုံးဝ မရနေတာကြောင့် ရှေ့ရေးနဲ့ ပတ်သက်ပြီး ကလပ် တာဝန်ရှိသူတွေနဲ့ ယခု တပတ် အတွင်း တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။