လူစားလဲတိုင်း ခေါင်းတခါခါ လုပ်ပြတဲ့ ရော်နယ်ဒို ကို လိုတာထက် မပိုဖို့ ဝမ်နင်ပေးလာတဲ့ နည်းပြ တန်ဟက်
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက် က ရော်နယ်လ်ဒို အပါအဝင် မန်ယူ ကစားသမားတွေ အနေနဲ့ လူစားလဲခံရတိုင်းမှာ လူစားလဲခံရခြင်းအပေါ် စိတ်တိုင်းမကျလို့ ပေါက်ကွဲတတ်တာမျိုးတွေကို သူ နားလည်ပေးလို့ ရပေမယ့် လိုတာထက် ပိုမိုပြုမှုတာမျိုးတွေ ဖြစ်မလာဖို့အတွက် သတိပေး ပြောဆိုလိုက်ပါတယ်။
မန်ယူနိုက်တက်ရဲ့ တိုက်စစ်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ရပ်ဖို့ဒ်နဲ့ လူစားလဲခံခဲ့ရခြင်းအပေါ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပြီး နည်းပြ တန်ဟက် ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်တဲ့ အမှုအယာမျိုးနဲ့ ခေါင်းတခါခါ ပြုလုပ်နေခဲ့ပါတယ်။
တန်ဟက်ကတော့ သူ့အသင်းသားတွေအနေနဲ့ လူစားလဲခံရမှုအပေါ် ဘယ်သူမှ သဘောမကျတာကို သိ နားလည်နိုင်ပေမယ့် လိုတာထက် ပိုမို ပြုမှုတာမျိုးကို မပြုလုပ်ဖို့ သတိပေးလိုက်ပါတယ်။

နည်းပြ တန်ဟက် က “ဘယ်ကစားသမားကမှ သူတို့ လူစားလဲခံရချိန်တွေတိုင်း ပျော်ရွှင်နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါက ရော်နယ်လ်ဒို တစ်ဦးတည်းကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလို မပျော်ရွှင်ကြတဲ့ အပေါ်လည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အေးအေးဆေးဆေးလေးနဲ့ ပုံမှန်လေးအတိုင်း ဖြစ်နေသရွေ့တော့ ဘာပြသာနာမှ မရှိနိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
တန်ဟက် ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း သွင်းဂိုးက (၁၃)ဂိုးသာ သွင်းယူထားနိုင်ပြီး တိုက်စစ်မှာ ရော်နယ်လ်ဒိုက ဂိုးတစ်ဂိုး ရဖို့ ရုန်းကန်နေရသလို မာရှယ် ရပ်ဖို့ဒ်တို့ကလည်း အသင်းအတွက် ခြေစွမ်းပြနိုင်ပြီဆိုတာနဲ့ ဒဏ်ရာပြသာနာတွေနဲ့ပါ ရင်ဆိုင်ရတတ်သူတွေပါ။
၎င်းတို့အပြင် ဆန်ချိုကလည်း ခြေစွမ်းပိုင်း မတည်ငြိမ်သေးတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ မန်ယူအသင်းက တိုက်စစ်ပိုင်းအတွက် ကစားသမား အင်အားဖြည့်တင်းသွားရဖို့ လိုအပ်နေပါတယ်။
ဒါ့အပြင် ဒီည စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာလည်း တိုက်စစ်က ရော်နယ်လ်ဒိုကို ဆက်သုံးမလား ဒါမှမဟုတ် အနားပေးပြီး ရပ်ရှ်ဖို့ဒ် ဆန်ချို အန်တိုနီတို့ကိုသာ တွဲဖက် အသုံးပြုသွားမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။