ဝမ်နင်ပေးထားတဲ့ကြားက ပွဲမပြီးခင် ထ ပြန်သွားတဲ့ ရော်နယ်ဒို ကိစ္စ မနက်ဖြန် ကိုင်ပြီ လို့ တန်ဟက် အသိပေး

မန်ချက်ကစတာ ယူနိုက်တက်က စပါးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် မိနစ် ၉၀ တောင် မရှိသေးဘဲနဲ့ ကွင်းထဲက ထွက်သွားခဲ့တဲ့ စီရော်နယ်ဒိုရဲ့ကိစ္စကို မနက်ဖြန်မှာ ဆွေးနွေးမယ် ကိုင်တွယ် ဖြေရှင်းမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောဆိုလိုက်ပါတယ်။

စီရော်နယ်ဒိုဟာ စပါးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရပါတယ်။ နောက်ပြီး အဆင့် ၃ နေရာက စပါးကို ဖရက်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သရဲနီတွေ သင်ခန်းစာ ကောင်း ကောင်းပေးတဲ့ပွဲကိုလည်း ပေါ်တူဂီသားက တစ်ချိန်လုံး ထိုင်ကြည့်နေခဲ့ရတာ ပါ။

နည်းပြတန်ဟတ်ဟာ လူစားလဲမှုတွေ လုပ်တဲ့နေရာမှာလည်း အီလန်ဂါ၊ တွမ်မီနေးနဲ့ အဲရစ်ဆင်တို့ကိုသာ ထည့်သွင်းခဲ့ပြီး စီရော်နယ်ဒိုကိုတော့ အရန် ခုံမှာပဲ အချိန်ကုန်စေခဲ့ပါတယ်။

ဒါကြောင့် စီရော်နယ်ဒိုဟာ ပွဲပြီးတဲ့အချိန် အထိ မစောင့်တောဘဲ အသင်းရဲ့ အဝတ်လဲခန်းထဲကို တချိုးတည်း လစ် ထွက်သွားခဲ့တာပါ။ အမှန်ကတော့ သူထွက်သွားတဲ့အချိန်မှာ မန်ယူဟာ လူစားလဲခွင့် ၂ ကြိမ် ကျန်နေပါသေးတယ်။

ဒါကို ပေါ်တူဂီတိုက်စစ်မှူးက မျက်ကွက်ပြု မသိချင်ယောင်ဆောင်ပြီး လစ်သွားခဲ့တဲ့အပေါ် နည်းပြတန် ဟတ်တစ်ယောက် ဒေါသထွက်ခဲ့ပါတယ်။

ဒါကြောင့် ဒီကိစ္စကို မနက်ဖြန်မှာ ဆွေးနွေးမယ်လို့ တန်ဟတ်က ပွဲအပြီး မှာ ပြောဆိုခဲ့ပါတယ်။

” ဒီကိစ္စကို မနက်ဖြန်မှာ ကျွန်တော် ဆွေးနွေးသွားပါမယ်။ ဒီနေ့မှာတော့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော် ကျေနပ်နေတာပါ။

ဒီစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော် စိတ်ကျေနပ် ရသလို အောင်ပွဲလည်း ခံနေတာပါ။ အခု ဒီကိစ္စကနေပြီး ကျွန်တော်တို့ သတိပြန်လည်ရမယ်။ ရှေ့မှာ ချဲလ်ဆီးနဲ့ ကစားမယ့် ပွဲကြီးတစ်ပွဲ ရှိနေပါ တယ်။

ပရီးမီးယားလိဂ်ဟာ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ်။ ” လို့ တန်ဟတ်က ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ သရေကျတဲ့ပွဲစဉ်မှာ ခြေစွမ်း မပြနိုင်ခဲ့တာကြောင့် လူစား လဲစဉ်ကလည်း ရော်နယ်ဒိုက ခေါင်းတရမ်းရမ်း စိတ်ပျက်တဲ့ အမူအရာ ပြခဲ့ပါတယ်။ ဒါကြောင့် ကစားသမားတွေ အနေနဲ့ လူစားလဲခံရရင် လိုတာထက် ပိုတဲ့ ပုံစံတွေ မပြဖို့ စပါးနဲ့ ပွဲမတိုင်ခင်မှာ နည်းပြ တန်ဟက်က သတိပေးထားပါတယ်။

ဒါပေမယ့် စပါးနဲ့ ပွဲမှာ အရန်ခုံမှာပဲ ရှိနေခဲ့ရတဲ့ စီ ရော်နယ်ဒိုက သူ့ရဲ့ မကျေနပ်မှုကို ထပ်ပြီး ပေါ်ပေါ်တင်တင် ပြသလာခဲ့ပြန်တာပါ။