ဘောလောကရဲ့ GOAT ဆိုလည်း မန်ယူမှာ အသင်းရဲ့ အထက်မှာ ဘယ်သူမှ မရှိ ဆိုတာ လက်တွေ့ ပြလိုက်တဲ့ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် ဟာ စပါးနဲ့ပွဲမှာ ကလန်ကဆန် လုပ်ခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲအတွက် ကစားသမားစာရင်းကနေ ချန်လှပ်လိုက်ကြောင်း သိရှိရပါတယ်။
နည်းပြ တန်ဟက် ရဲ့ ဒီဆုံးဖြတ်ချက်ကို အသင်းတာဝန်ရှိသူတွေဘက်ကလည်း အပြည့်အဝ ရပ်တည်ပေးခဲ့ပြီး တရားဝင်ကြေညာချက်နဲ့ ထုတ်ပြန် အသိပေးခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ချဲလ်ဆီးနဲ့ပွဲ လူစာရင်းမှာ ပါဝင်မှာမဟုတ်ကြောင်း၊ ကျန်ရှိနေတဲ့ အသင်းကြီး ကစားသမားတွေက ဒီပွဲအတွက် အာရုံစူးစိုက်မှုအပြည့်နဲ့ လေ့ကျင့်ပြင်ဆင်သွားမှာဖြစ်ကြောင်း မန်ယူ အသင်းဘက်က တရားဝင်ကြေညာခဲ့ပါတယ်။
စပါးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုက ပွဲထွက်ခွင့်မရခဲ့သလို လူစားဝင်မကစားဘဲ မိနစ် (၉၀) မပြည့်ခင်မှာတင် ဥမင်လိုဏ်ခေါင်းထဲ ဝင်သွားခဲ့တာပါ။ ကနဦးထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ရော်နယ်ဒိုအနေနဲ့ လူစားဝင်ကစားဖို့ မျှော်လင့်ခဲ့ပေမယ့် တန်ဟက် က အခွင့်အရေးမပေးခဲ့တာကြောင့် အခုလိုပြုမူခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ တန်ဟက်ခ်က ရော်နယ်ဒိုကို လူစားဝင်ကစားဖို့ ညွှန်ကြားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က နည်းပြရဲ့ ညွှန်ကြားချက်ကို လျစ်လျူရှုပြီး အခုလိုပဲ ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာ ဖြစ်နေပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဟာ ပွဲအပြီးမှာလည်း အသင်းဖော်ကစားသမားတွေနဲ့ ပူးပေါင်းခြင်းမရှိခဲ့ဘဲ အိုးထရက်ဖို့ဒ်ကွင်းကနေပါ ထွက်ခွာသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မနေ့က တန်ဟက် တယောက် ရော်နယ်ဒိုနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား အရေးယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ချဲလ်ဆီးနဲ့ပွဲ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပြင် အသင်းကြီးနဲ့ ပူးပေါင်းခွင့်မရတော့ဘဲ တယောက်တည်း သီးသန့်လေ့ကျင့်ခန်း ဆင်းရတော့မယ်လို့ သိရှိရပါတယ်။
ဒီပြစ်ဒဏ်က ဘယ်အချိန်ထိမှန်းမသိရဘဲ ရော်နယ်ဒိုနဲ့ ယူနိုက်တက်၊ ရော်နယ်ဒိုနဲ့ တန်ဟက်ခ်အကြား အဆိုးရွားဆုံး အခြေအနေကို ဦးတည်သွားခဲ့ပါတယ်။
တန်ဟက်ခ် ကတော့ “ကလပ် အသင်းထက် ပိုမိုကြီးကျယ်မြင့်မြတ်တဲ့ ကစားသမားမရှိစေရ” ဆိုတဲ့ မူကို ပြန်လည် အသက်သွင်းခဲ့တာ ဖြစ်ပြီး ဘောလုံးလောကရဲ့ GOAT တစ်ယောက် ဖြစ်နေပါစေ အသင်းမှာကတော့ နည်းပြရဲ့ လက်အောက်က အသင်းသား အဖြစ်သာ ပြုမူနေထိုင်သင့်တယ် ဆိုတာ သတိပေးခဲ့တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။