ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အဆင့် ၄ ဝင်မယ့် အသင်းတွေက ခန့်မှန်း ရွေးထုတ်ပေးသွားတဲ့ မိုက်ကယ်အိုဝင်

ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင် က ဒီရာသီမှာ မန်ချက်စတာ စီးတီး အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ် နိုင်လိမ့်မယ်လို့ ဆိုလိုက်ပြီး ဘယ်အသင်းတွေ Top 4 ဝင်မလဲ ဆိုတာ ခန့်မှန်း ရွေးချယ် ပေးသွား ခဲ့ပါတယ်။

အိုဝင် က ” Top 4 အကြောင်း ပြောဖို့တော့ ခက်ခဲ ပါတယ်၊ မန်ချက်စတာ စီးတီး အသင်းကတော့ သေချာပေါက် ဝင်မှာပေါ့ဗျာ၊ ချဲလ်ဆီး ကလည်း Top 4 ထဲ ဝင်ပါလိမ့်မယ်၊ အာဆင်နယ် လည်း အတူတူပါပဲ၊ အသင်းကြီး တစ်သင်းကို ချန်ထားခဲ့ဖို့ ဆိုတာ ခက်ခဲတယ် မဟုတ်ဘူးလား။ ”

” ကျွန်တော့် အတွက် လီဗာပူး နဲ့ တော့တင်ဟမ် ကြားမှာ ရွေးချယ်ရ ခက်ခဲ နေပါတယ်၊ လီဗာပူး အသင်း Top 4 ဝင်မယ်လို့ ပြောချင်ပေမယ့် ကစားပုံ ကောင်းနေတဲ့ တော့တင်ဟမ် အသင်းကို ဘယ်လို ဖြစ်လို့ ချန်ထားရမှာလဲ။ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း အခွင့်အလမ်းကောင်း ရှိနေပါတယ်၊ ဒါပေမယ့် ဒီနှစ်မှာ ထိပ်ဆုံး လေးသင်း နဲ့ လွဲချော် ရမယ့် ထိပ်တန်း အသင်းကြီး တစ်သင်းကတော့ သေချာပေါက် ရှိပါလိမ့်မယ်။ လီဗာပူး က ထိပ်ပိုင်းမှာပဲ ဆက်ရှိနေဦးမယ်လို့ ထင်ပါတယ်။ ”

” အာဆင်နယ် က ဒီရာသီကို ကောင်းကောင်း စတင်ထားနိုင်ပြီး လီဗာပူး ကို အမှတ် အပြတ်အသတ် ဖြတ်ထားနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ကတော့ မန်စီတီး နဲ့ လီဗာပူး အသင်း နှစ်သင်းက ဥရောပရဲ့ ထိပ်တန်း အသင်းကြီးတွေ အဖြစ် ဆက်ရှိနေဆဲလို့ ယုံကြည်ပါတယ်။ ”

” ဒါကြောင့် Top 4 အကြောင်း ပြောရတာ ခက်ခဲပါတယ် ၊ ကျွန်တော် ကတေ့ာ တော့တင်ဟမ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ Top 4 နဲ့ လွဲလိမ့်မယ်လို့ ပြောချင်ပါတယ် ။ ” လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ်။