ကီတာကို ချိန်ရွယ်ခြင်း၊ တိုးတက်နေတဲ့ ဘာလိုဂန်၊ အင်္ဂလန်ပြန်ရောက်လာတဲ့ အမ်မရီနဲ့ ယနေ့ည အာဆင်နယ် သတင်းတိုများ

အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် အသင်းတွေဟာ လီဗာပူးအသင်း ကွင်းလယ်လူ နာဘီ ကီတာကို လိုချင်နေတယ် လို့ သတင်းထွက် လာပါတယ်။ ကီတာဟာ တချိန်တုန်းက အာဆင်ဝင်းဂါးရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိဘဲ လိုက်ဇစ်၊ လီဗာပူးတို့ဆီကိုပဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကီတာဟာ မကြာခန ဒဏ်ရာ ရနေတတ်သူပါ။

အာဆင်နယ် မှာ နည်းပြ ခဲ့ဖူးတဲ့ အူနိုင်း အမ်မရီ ကတော့ ပရီးမီးယားလိဂ် ကို နောက်တခါ ပြန်ရောက် လာခဲ့ပါပြီ။ အက်စတွန် ဗီလာ ဟာ ဗီလာရီးရဲ အသင်းကို ကိုင်တွယ် နေတဲ့ အမ်မရီ ကို စာချုပ် ဖျက်သိမ်းကြေး ( ယူရို ၆ သန်း ) ပေးချေကာ ခေါ်ယူ လိုက်တာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ် အသင်းခေါင်းဆောင် ရိုင်ယန် ရိတ်စ် က သူတို့အသင်းအနေနဲ့ အမ်းမရိတ်မှာ under dog ဖြစ်ပေမယ့် ဘာကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း၊ အာဆင်နယ်ကို ယှဉ်နိုင်မယ် ယုံကြည်ကြောင်း ထုတ်ပြော လာပါတယ်။

ပြင်သစ်ကလပ် ရိမ်းအသင်းမှာ အငှားကစားနေတဲ့ ဘာလိုဂန်ဟာ အော်ဇေးအသင်းနဲ့ပွဲမှာ တစ်ဂိုး ထပ်မံ သွင်းယူ ပြီးနောက် စုစုပေါင်း သွင်းဂိုး ၇ ဂိုးထိ ရှိလာပြီ ဖြစ်ပါတယ်။ မနှစ်က ဘိုရိုနဲ့အတူ ချန်ပီယံရှစ်မှာ ကစားစဉ်က ပွဲ ၂၀ မှာ ၆ ကြိမ် ထိသာ သွင်းယူနိုင်ခဲ့ပါတယ်။ စံချိန်အရဆိုရင် တစ်ပွဲကို ဝ.၃ ဂိုးကနေ ဝ.၅၈ အထိ တိုးတက်လာတာဖြစ်ပါတယ်။

ကမ္ဘာဖလားမှာ မန်စီးတီးမှ ဝေါ်ကာ၊ ချယ်ဆီးမှ ရိစ်ဂျိမ်းတို့ မကစားနိုင်ရင် ညာအစွန်အတွက် အာဆင်နယ်မှ ဘမ်ဝှိုက်ကို ခေါ်ယူဖို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကို တိုက်တွန်းနေကြပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲ အလွန်မှာ ပြန်လည် စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် ရက် နဲ့ အချိန်ကို မနေ့က သတ်မှတ် ထုတ်ပြန် ပေးလိုက်ပြီး လီဗာပူး၊ အာဆင်နယ် တို့ဟာ ဘောက်ဆင်ဒေး ( ဒီဇင်ဘာ ၂၆ ) ည ၈ နာရီ ( ဗြိတိန်စံတော်ချိန် ) မှာ ကစားကြရမှာ ဖြစ်ပြီး ချဲလ်ဆီး၊ မန်ယူနိုက်တက် တို့ရဲ့ ပွဲတွေ ကတော့ ဒီဇင်ဘာ ၂၇ မှသာ ကစားရမယ်လို့ သိရပါတယ်။