ကပ်စ်မဲရိုး ပြောင်းလာတာက အရင် မန်ယူ မဟုတ်ဘူး၊ ယူရိုပါလိဂ် မန်ယူ ဆိုတာ သတိပြုကြဖို့ ဖာဒီနန် ထောက်ပြ

မန်ချက်စတာ ယူနိုက်တက်ဟာ အဆုံးမှာတော့ ပြီးခဲ့တဲ့နွေ ခေါ်ယူမှု ဖြစ်တဲ့ ကပ်စ်မဲရိုး ရဲ့ အကောင်းဆုံး ပုံစံတွေကို မြင်တွေ့နေရပြီ လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က သုံးသပ် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကပ်စ်မဲရိုးဟာ ရီးရဲလ်နဲ့ အတူ ဆုဖလားတွေ ရယူ အစွမ်းပြထားပြီးသူ ဖြစ်လို့ မန်ယူမှာ သီးသန့်ကြီး အရည်အချင်းကို သက်သေပြဖို့ လိုအပ်သူ မဟုတ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ရီးရဲလ်နဲ့ အတူ ချန်ပီယံလိဂ်မှာ ပူပူနွေးနွေး ဗိုလ်စွဲခဲ့တဲ့ ကပ်စ်မဲရိုး ကို ပေါင် သန်း ၆ဝ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဘရာဇီး လက်ရွေးစင် ကစားသမားဟာ နည်းပြ တန်ဟက်ရဲ့ အသင်းမှာ ပွဲထွက်ခွင့် ရဖို့ အချိန်တစ်ခု စောင့်ခဲ့ရပေမယ့် ပုံမှန်ပွဲထွက်ခွင့် ရလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီတလော သီတင်းပတ်တွေ အတွင်း ယူနိုက်တက် ကွင်းလယ်မှာ ကပ်စ်မဲရိုး ပါဝင်လာပြီးနောက် တောင့်တင်းလာတဲ့ အပေါ် ဖာဒီနန်က အားရနေပြီး သူ့ရဲ့ ယူကျူ့ချယ်နယ်ကနေ အခုလို သုံးသပ်ခဲ့တာပါ။

” ဒီမှာ ပွဲကစားခွင့် ရတာ မိနစ်ပိုင်း နည်းနည်းလေးနဲ့ ကစားသမား တစ်ယောက်က သူ့အရည်အသွေးကိုယ် ဘယ်လို ပြသနိုင်မှာလဲ။ နောက်ပြီး သူက ဘာဖြစ်လို့ သူ့ခြေစွမ်းကို သက်သေပြရဦးမှာတဲ့လဲ။

သူက မန်စီးတီးကို ရောက်လာတာ မဟုတ်ဘူး၊ ဘိုင်ယန်မြူးနစ်လည်း မဟုတ်ဘူး။ တိုးတက်အောင် လုပ်နေရတဲ့ အသင်း တစ်သင်းကို ရောက်လာခဲ့တာ။

အဲ့လို ယူနိုက်တက်က ပေါင် သန်း ၇ဝ နဲ့ ကစားသမား တစ်ယောက် ကို ခေါ်လိုက်တယ်၊ အပြီးအစီးဆို ပေါင် သန်း ၁ဝဝ လောက် ကျတယ် ထားပါတော့။ ပြီးခဲ့တဲ့ လပိုင်းကမှ ချန်ပီယံလိဂ် ဗိုလ်စွဲထားတဲ့ သူ တစ်ယောက်ကို ခေါ်ပြီးမှ ‘ မင်း ဒီအသင်းမှာ ကိုယ့်ဘာသာ သက်သေပြ’ လို့ ပြောစရာလားဗျာ။

အခုက အရင်တုန်းက မန်ချက်စတာ ယူနိုက်တက် မဟုတ်တော့ဘူး။ ယူရိုပါလိဂ် ကန်နေရတဲ့ ယူနိုက်တက်ပါ။ ကပ်စ်မဲရိုးကလည်း ၁၈ နှစ်သား ကစားသမားလေး မဟုတ်တော့ပါဘူး။ သူ့ကို ခေါ်လာပြီဆို တံခါးဖွင့်ကြိုပြီး ပေး ကစားရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ ဘာတွေ လုပ်နိုင်တယ် ဆိုတာ သိလို့ ခေါ်လာခဲ့တာလေ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။