ရှုံးပွဲကြုံသွားတဲ့ ဂန်းနားများ၊ ဒိုလေးကို ချီးကျူးတဲ့ တန်ဟက်၊ ရိစ်ဂျိမ်းစ် နေရာ အစားထိုး ပစ်မှတ်နဲ့ ယနေ့ နံနက်ခင်း ဘောလုံး သတင်းများ
မနေ့ညက ယူရိုပါလိဂ် အုပ်စုပွဲမှာ PSV အသင်း ဟာ လူကျွံနေတာကြောင့် ၃ ဂိုး ပယ်ဖျက်ခံခဲ့ရပေမယ့် အာဆင်နယ်ကို ၂-ဝ နဲ့ အနိုင်ယူကာ ယူရိုပါလိဂ်မှာ အာဆင်နယ်ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကို အဆုံးသတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် PSV ကဒီရာသီမှာ အာဆင်နယ်ကို ဂိုးမပေးရအောင် ထိန်းနိုင်ခဲ့တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်ဟာ အုပ်စုဗိုလ်ဖြစ်ဖို့ တစ်မှတ်သာ လိုအပ်ခဲ့ပေမယ့် PSV ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ အာတီတာ က သူတို့အသင်းဟာ အကောင်းဆုံးပုံစံနဲ့ ဝေးကွာနေခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အရမ်းစိတ်ပျက်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ရှရစ်ဖ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ရော်နယ်ဒိုရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လကို အဲရစ်တန်ဟက်က ချီးကျူးခဲ့ပြီး ‘ဘယ်တော့မှ အရှုံးမပေးတဲ့ သူ့ရဲ့ အကျင့်ကြောင့် အဆုံးသတ်မှာ ကြိုးစားမှုရဲ့ အသီးအပွင့်ကို ခံစားရတယ်’လို့ ပြောဆိုခဲ့ပါတယ်။

ဂနာချိုဟာ ယူနိုက်တက်အတွက် ပထမဆုံး စီနီယာ ပွဲထွက်ခွင့်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဘယ်တောင်ပံကနေ ပုံမှန်ခြိမ်းခြောက်နိုင်ခဲ့တာနဲ့အတူ သူဟာ ရော်နယ်ဒို လူငယ်ကစားသမားဘဝတုန်းကလိုပဲလို့ ပေါလ်စခိုးက ခိုင်းနှိုင်းချီးကျူးခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ အုပ်စုဗိုလ်ဖြစ်ဖို့ ဆိုစီဒက်ကို ၂ ဂိုးပြတ် အနိုင်ရရမှာဖြစ်သလို ခက်ခဲမှာဖြစ်ပေမယ့် ဒီစိန်ခေါ်မှုအတွက် မျှော်လင့်နေပြီး လိုအပ်တဲ့ရလဒ်ရအောင် ကြိုးစားသွားမယ်လို့ မားကပ်ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့ပါတယ်။
ရိစ်ဂျိမ်းစ်ဟာ ဒူးဒဏ်ရာကြောင့် ၂လလောက် အနားယူရမှာဖြစ်တဲ့နောက် ချယ်ဆီးဟာ သူ့နေရာကို အစားထိုးဖို့ ဇန်နဝါရီမှာ ရှာဖွေသွားမှာဖြစ်ပြီး အင်တာမီလန်ကနေ ဒန်ဇယ် ဒမ်ဖရိုင်းစ်ကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။
ကိုဗာဆစ်ဟာ ရက်ဘူးဆဲဘက်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပေမယ့် ဒီတစ်ပတ် ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်လာလိမ့်မယ်လို့ ဂရေဟမ်ပေါ်တာက မျှော်လင့်နေပြီး ခံစစ်မှုး ကူလီဘာလီကတော့ ဒီပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးဘူး လို့ ဆိုပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့်လဲ ဥက္ကဌ လာပေါ်တာက နည်းပြနဲ့ ကစားသမားတွေကို အပြစ်မတင်ပဲ လာလီဂါနဲ့ တခြားပြိုင်ပွဲတွေမှာသာ ဆက်လက်အာရုံစိုက်ဖို့ အားပေးစကား ပြောကြားခဲ့ပါတယ်။
ဒေါ့မွန်ဟာ ဂျူ့ဒ်ဘယ်လင်ဟမ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ မရေရာ ဖြစ်နေပြီး ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေမှာ ၎င်းကို ခေါ်ယူနိုင်ဖို့ လီဗာပူး၊ ချယ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်တို့နဲ့အပြိုင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ချယ်ဆီး အငှားကွင်းလယ်လူ ဇာခါရီယာက သူဟာ ကလပ်မှာ ဆက်ရှိနေဖို့ ထိုက်တန်မှုကို မပြသနိုင်ဘူးဆိုရင် ရာသီကုန်မှာ အမြဲတမ်းကစားသမားအဖြစ် စာချုပ် ကမ်းလှမ်းမှုကို ရမှာမဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။