မန်ယူ တိုက်စစ်မှုး အန်တိုနီ ကို မက်ဆီ၊ မာရာဒိုနာ တို့နဲ့ စကေးချင်း ယှဉ်လို့ရတယ်လို့ ဝက်စ်ဘရောင်း ဇွတ် ချီးကျူး
မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ်သမား အန်တိုနီဟာ မှော်ဆန်တဲ့ ဘယ်ခြေ တစ်ပေါက်ကတော့ ဘောလုံး ဂန္တဝင်ကြီးတွေကို ကောင်းကောင်း ယှဉ်နိုင်ကြောင်း မန်ယူ ခံစစ်မှုးဟောင်း ဝက်စ် ဘရောင်းက ချီးကျူးလိုက်ပါတယ်။
အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ညာခြေနဲ့ ကစားပေမယ့် ဘောလုံးကို အတွင်း ချိုးယူတာ၊ ဘယ်ခြေနဲ့ အပြင်းကန်တာတွေက မက်ဆီ၊ မာရာဒိုနာနဲ့ အာဂျန် ရော်ဘင် တို့လို ဂန္တဝင်တွေကို ကောင်းကောင်း ယှဉ်နိုင်တယ်လို့ သရဲနီဟောင်း ဝက်စ် ဘရောင်းက ယုံကြည်နေတာပါ။

” အန်တိုနီရဲ့ ဘယ်ခြေ တစ်ပေါက်ကတော့ မက်ဆီနဲ့ မာရာဒိုနာလိုပဲဗျာ။ ဘယ်ခြေက တကယ့် မှော်ဆန်နေတော့တာပဲ။ သူက စကေး အတော်ကောင်းတယ်၊ ကိုယ်ဟန် လှုပ်ရှားမှုကလည်း ကောင်းမွန်ပါတယ်။
လူတွေက သူ ဘောလုံးကို အတွင်း ချိုးယူတော့မယ် ဆိုတာ သိတယ်၊ ကျနော် ပြောမယ် .. အဲဒီလို သိနေရင်တောင် သူ့ကို တားနိုင်တဲ့သူ များများ စားစား မရှိပါဘူး။ ” လို့ ဘရောင်းက ချီးကျူးခဲ့ပါတယ်။
” သူနဲ့ အကောင်းဆုံး ယှဉ်ပြလို့ ရတာက အာဂျန် ရော်ဘင် ဖြစ်မယ်။ သူက အမြဲတမ်း အဲဒီလိုပဲ ဘောလုံးယူတယ်၊ စည်းကို ကျော်သွားတာ ရှားတယ်။ သူက ထက်မြက်ပြီး သူ ဘာလုပ်နေတာလဲ ကောင်းကောင်းကောင်းသိသူ၊ ယုံကြည်မှု ရှိတဲ့သူ ဖြစ်တာကြောင့် လူကပ် ကစားဖို့ အတော် ခက်တာပါ။” လို့လည်း ဘရောင်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။
ဘရာဇီးသား တောင်ပံ တိုက်စစ်သမားဟာ ပြီးခဲ့တဲ့နွေက အေဂျက်ကနေ ယူနိုက်တက်ထံ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တာပါ။ သူဟာ ညာတောင်ပံမှာ အဓိက ကစားနေသူဖြစ်ပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားကာ သွင်းဂိုး ၃ ဂိုး ရယူထားနိုင်တာ ဖြစ်ပါတယ်။
အန်တိုနီဟာ မနေ့ညက ရှရစ်နဲ့ ပွဲမှာတော့ ပထမပိုင်း မန်ယူအသင်း ဂိုး မရသေးချိန်မှာ စကေးတွေ စွတ်ပြခဲ့သေးလို့ ဝေဖန်မှုတွေ ခံယူနေရပါတယ်။