မန်ယူ တိုက်စစ်မှုး ရပ်ရှ်ဖို့ ဟာ ရွန်းနီကိုတောင် ကျော်တက်သွားနိုင်သူ လို့ သုံးသပ် ဟောကိန်း ထုတ်ခဲ့ကြတဲ့ ကစားသမားဟောင်းကြီးများ
သရဲနီဟောင်းကြီးတွေ ဖြစ်ကြတဲ့ အိုဝင် ဟားဂရေ့ဗ် နဲ့ ပေါလ် စခိုးလ် တို့က လက်ရှိ မန်ယူအသင်းမှ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ သာ သူ့ရဲ့ ကစားပုံကို အနည်းငယ် ပြင်နိုင်မယ်ဆိုရင် ဝိန်း ရွန်းနီ ရဲ့ သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ကြပါတယ်။
ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဒဏ်ရာ ပြသနာတွေကြောင့် အကောင်းဆုံး ပုံစံကို မပြသထားနိုင်ခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ဒီရာသီမှာတော့ နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ အရင်နီးပါး ကောင်းမွန်တဲ့ ပုံစံကောင်းတွေကို တဖန် ပြန်လည် ပြသထားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ရပ်ရှ်ဖိုဟာ အသက် ၂၄ နှစ်သာ ရှိနေသေးတာကြောင့် အရင်လို ပုံစံကောင်းတွေကို ဆက်လက် ပြသရင်း တိုးတက် လာဦးမယ် ဆိုရင် သူဟာ ဂန္တဝင် ကစားသမားဟောင်း ဖြစ်တဲ့ ဝိန်း ရွန်းနီ ရဲ့ ဂိုးသွင်း စံချိန် ကို ကျော်ဖြတ်နိုင်လိမ့်မယ် လို့ ဟားဂရေ့ဗ် နဲ့ ပေါလ် စခိုးလ် တို့က အခုလို ဆိုခဲ့ကြတာပါ။

” သူ့ရဲ့ ကိုယ်ပိုင်ကစားပုံတွေနဲ့ ချိတ်ဆက် ကစားပုံတွေက ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေတုန်းကထက် တိုးတ ခဲ့တာ အမှန်ပါပဲ ။ သူဟာ ဂိုးတွေလည်း ဆက်လက် သွင်းယူထားနိုင်ခဲ့ပါတယ်။ သူဟာ အခုမှ ၂၄ နှစ်ပဲ ရှိပါသေးတယ် ၊ သွင်းဂိုးကတော့ ၉၉ ဂိုးတောင် ရှိနေခဲ့ပါပြီ ”
” ဒီအတိုင်းသာဆိုရင် သူ့ရဲ့ ကစားသမား ဘဝ ပြီးဆုံးချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သွင်းဂိုး ၂၅၀ လောက်တော့ သွင်းယူပေးသွားနိုင်ပါလိမ့်မယ်။ သူ့ဆီမှာ အရည်အသွေးကောင်းတွေ အများကြီး ရှိနေပြီး တိုက်စစ်ပိုင်း ကစားပုံ စွမ်းရည်ကလည်း ယခင်ကထက် ပိုကောင်းလာခဲ့တယ်လေ ”
” ဒါတောင် သူဟာ ပွဲစဉ်တိုင်း ပါဝင် ကစားပေးခွင့် မပိုင်ဆိုင်ခဲ့ရပါဘူး။ သူ့အနေနဲ့ ဂိုးပေါက် အရှေ့မှာ အခုထက် ပိုပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ပဲ လိုအပ်ပါတော့တယ်။ တန်ဟတ် လက်အောက်မှာ သူဟာ ဆက်ပြီး ပျံသန်းနိုင်ဦးမှာပါ ” လို့ ဟားဂရေ့ဗ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။
” သွင်းဂိုးတင် မဟုတ်ပါဘူး ၊ ကစားပွဲ အရည်အတွက်လည်း ကျော်ဖြတ်နိုင်ဦးမှာပါ။ လူတွေ သူ့ဆီက ဘာမှ မမျှော်လင့်ထားခဲ့ကြချိန်မှာ ဒီကောင်းလေးက အံ့ဖွယ်တွေ စတင် လုပ်ဆောင်ပြထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အဆုံးသတ် စွမ်းရည်ပိုင်း အခုထက် ပိုကောင်းဖို့တော့ လိုအပ်နေဦးမှာပါ ”
” သူဟာ ဘောလုံးကို အမှတ်မထင် ကန်လိုက်တာမျိုး နှစ်သက်သူပါ။ ဒါပေမဲ့ တိကျမှုအပိုင်း အားနည်းနေပါသေးတယ် ။ ဒါပေမဲ့ သူ ငယ်သေးတာကြောင့် ဒါကို ပြင်နိုင်ဦးမှာပါ။ သူဟာ ဂိုးတွေ ဆက်ပြီး သွင်းယူချင်သေးတယ်ဆိုတာ ထင်ရှားပါတယ် ။ သူဟာ အခြားသူတွေအပေါ်လည်း သိပ်ပြီး မမှီခိုပါဘူး ။ သူဟာသူ ဘောလုံးဆွဲပြေးရင် ပြိုင်ဖက်တွေကို ကျော်ဖြတ်ပြီး သူ့အတွက် အခွင့်အရေး ဖန်တီးနိုင်စွမ်းရှိပါတယ် ” လို့ စခိုးလ် က ပြောဆိုခဲ့ပါတယ်။