အခွင့်ရခိုက် အစွမ်းပြတဲ့ နယ်လ်ဆန်၊ အာတီတာရဲ့ ချီးကျူးမှု၊ ဆာကာ ဒဏ်ရာနဲ့ ဖောရက်စ် ဂိုးပြတ် နိုင်ပွဲ အပြီး အာဆင်နယ် သတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် ဟာ အိမ်ကွင်းမှာ နော်တင်ဟမ် ဖောရက်စ် အသင်းကို ၅ ဂိုးပြတ် အနိုင် ကစားကာ စနေနေ့ တုန်းက လက်လွှတ် ထားရတဲ့ အဆင့် ၁ နေရာကို ပြန်လည် သိမ်းပိုက် သွားခဲ့ ပါတယ်။

အာဆင်နယ် အတွက် မာတင်နယ်လီ၊ အိုဒီဂတ် ၊ သောမတ်စ် ပါတေး တို့ ၁ ဂိုးစီ သွင်းပေးခဲ့ကြပြီး လူငယ်လေး နယ်လ်ဆင် ကလည်း လူစားဝင် အပြီး ၁၀ မိနစ် အတွင်းမှာ ၂ ဂိုးသွင်းကာ ခြေစွမ်းပြ ကစား သွားခဲ့ ပါတယ်။

နည်းပြ အာတီတာက ဆာကာ နေရာ ဝင် ကစားတဲ့ ရေးနယ်လ်ဆန် ဟာ အခွင့်အရေး ရချိန် ကောင်းစွာ လုပ်ပြနိုင်ခဲ့ပြီး များစွာ တိုးတက် ပြောင်းလဲ လာတယ်လို့ ချီးကျူး စကား ဆိုခဲ့ပါတယ်။

အာဆင်နယ် တောင်ပံ ကစားသမားလေး ဘူကာယို ဆာကာ ဟာ မနေ့ညက ပွဲမှာ ဒဏ်ရာ ရရှိပြီး လူစားလဲ ခဲ့ရတာကြောင့် ကမ္ဘာ့ဖလား နဲ့ ၃ ပတ်သာ လိုတော့ချိန်မှာ ပရိသတ်တွေကို စိတ်ပူစရာ ဖြစ်လာစေခဲ့ ပါတယ်။

ဆာကာ ဟာ ဖောရက်စ် နဲ့ ပွဲအစ ၅ မိနစ်မှာတင် မာတင်နယ်လီ ရဲ့ သွင်းဂိုးကို ဖန်တီး ပေးခဲ့ပါတယ် ။ ဒါပေမယ့်လည်း အဲ့ဒီနောက်မှာ ရီနန် လိုဒီ ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ဆာကာ ဟာ ဆေးကုသမှု ခံယူ ခဲ့ရပါတယ် ။ ဆေးကုသမှု ခံယူအပြီးမှာ ပွဲဆက် ကစားဖို့ ကြိုးပမ်း ခဲ့ပေမယ့် လုံးဝ ဆက်မကစားနိုင်တော့တာကြောင့် နယ်လ်ဆန် နဲ့ လူစားလဲ လိုက်ရပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာတီတာ ကတော့ နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဆာကာ ရဲ့ ဒဏ်ရာ အခြေအနေဟာ လာမယ့်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား နဲ့ လွဲချော် ရလောက်အောင် ပြင်းထန်မှု ရှိမယ်လို့ မထင်ကြောင်း ပြောကြား လိုက်ပါတယ် ။