ကလော့ပ်ရဲ့ လီဗာပူးကို ပြိုင်ဘက်အသင်းတွေက မခန့်တော့ဘူးလို့ မညှာတမ်း ထောက်ပြသွားတဲ့ ပေါမာဆွန်
အာဆင်နယ် ကွင်းလယ်လူဟောင်း ဖြစ်သူ ပေါလ်မာဆွန်ဟာ ဒီရာသီ အစပိုင်းမှာ တာထွက်ဆိုးနေတဲ့ လီဗာပူး အသင်းကို ဝေဖန်သွားခဲ့ပြီး ယာဂန်ကလော့ရဲ့ အသင်းကို ပြိုင်ဘက်တွေက မခန့်တော့ဘူးလို့ သုံးသပ် လိုက်ပါတယ်။
လီဗာပူးဟာ မန်စီးတီး နဲ့ ဝက်ဟမ်း တို့ကို အနိုင်ရရှိခဲ့တာကြောင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ထင်မှတ်ခဲ့ပေမယ့်လည်း ၂ ပတ် ဆက်တိုက် တန်းဆင်းဇုန်က အသင်း ၂ သင်း ဖြစ်တဲ့ နော့တင်ဟမ်ဖောရက်စ် နဲ့ လိဒ် တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။
မာဆွန်က လီဗာပူးဟာ တကယ့်ကို ကြီးမားတဲ့ ပြသနာ ကြုံတွေ့နေရတယ်လို့ ဆိုလိုက်ပြီး ခြေစွမ်းပိုင်း မတည်ငြိမ်မှုကို မန်နေဂျာထက်စာရင် ကစားသမားတွေ ကသာ ပိုမို ရှင်းပြနိုင်မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ယာဂန်ကလော့ရဲ့ လီဗာပူး အသင်းဟာ အခုချိန်မှာ ပြိုင်ဘက်တွေ ကြောက်ရွံ့ရတဲ့ အသင်းမျိုး မဟုတ်တော့ဘူးလို့ ၎င်းက ယူဆနေပါတယ်။

မာဆွန် က “အသင်းတွေဟာ လီဗာပူးကို ကြောက်ရွံ့ခြင်း မရှိတော့ပါဘူး။ လီဗာပူးဟာ မန်ယူနိုက်တက်ကို ပြိုင်ဘက်တွေ အိုးထရပ်ဖို့ဒ်မှာ ကစားရတာ မကြောက်ရွံ့တော့တဲ့ ပုံစံမျိုး ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်ဟာ ကစားသမားဘဝတုန်းက အိုးထရပ်ဖို့ဒ်မှာ ကစားရတာကို အမြဲတမ်း ကြောက်ရွံ့ခဲ့ပါတယ်။
အခုချိန်မှာတော့ အဲဒီမှာ ကောင်းကောင်း ကစားပြနိုင်မယ် ဆိုရင် အနိုင်ရနိုင်တယ် ဆိုတာ ပြိုင်ဘက်တွေ သိလာခဲ့ပါတယ်။ အကယ်၍ လီဗာပူးကို ကိုယ့်ဘက်က ကောင်းကောင်း တုန့်ပြန်ကစားနိုင်ခဲ့မယ် ဆိုရင် အနိုင်ရဖို့ အခွင့်အရေးကောင်း ရှိနေတယ် ဆိုတာ ပြိုင်ဘက်တွေ သိလာခဲ့ပါပြီ။
လီဗာပူးဟာ ပြိုင်ဘက်တွေကို ကြောက်ရွံ့မှု ပေးနိုင်တဲ့ အရာတွေ ဆုံးရှုံးသွားခဲ့ပါတယ်။ ဒီရာသီဟာ သူတို့ အမှတ်ပေးဖလားကို ကာကွယ်ရတဲ့ ရာသီကထက်ကို ဆိုးပါတယ်။ သူတို့ဟာ အမှတ်ပေးဖလားကို အချိန်အကြာကြီးနေမှ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဒါမျိုး ဖြစ်ခဲ့တာကို ကျွန်တော် နားလည်ပေးလို့ ရပါတယ်။
ဒါပေမယ့် အခုကတော့ လုံးဝကို ခြားနားပါတယ်။ လီဗာပူး ဘက်ကလည်း ဒါကို သိပါတယ်။ သူတို့ဟာ အတွေ့အကြုံတွေလည်း ရှိထားပြီး ဖြစ်တာကြောင့် ဒီရာသီမှာ လုံး၀ အကြောင်းပြချက် ပေးလို့ မရပါဘူး။” လို့ ဆိုလိုက်ပါတယ်။
ဒါ့အပြင် လီဗာပူးအသင်းကို ကလော့က အကြာကြီး ကိုင်တွယ်ပါ့မလား ဆိုတာကလည်း မသေချာဘဲ နည်းပြ ဆုံးဖြတ်ချက် အပေါ် မူတည်မယ်လို့ မာဆွန်က ပြောဆိုခဲ့ပါတယ်။