ချဲလ်ဆီးက ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ် လို့ ယုံကြည်စွာ ကြွေးကြော်လိုက်တဲ့ အသင်းသား

ချဲလ်ဆီးအသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ကူလီဘလီကတော့ သူတို့အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူနိုင်စွမ်း ရှိကြောင်း လတ်တလော ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော် သွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဗဟိုနောက်ခံလူ ကူလီဘလီက လက်ရှိမှာတော့ ဒူးဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ကူလီဘလီက ဒဏ်ရာရနေပေမယ့် သူ့ရဲ့ ချဲလ်ဆီးကတော့ နည်းပြသစ် ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာ ၆ပွဲနိုင် ၃ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိထားပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ချဲလ်ဆီးဟာ ဂရေဟမ် ပေါ်တာနဲ့အတူ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် အဆင့် ၄ အတွင်း ကို အလွယ်တကူ ရောက်ရှိလိမ့်မယ်လို့ သုံးသပ်ထားကြပြီး ကူလီဘလီကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို သာမကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ရယူနိုင်စွမ်း ရှိတယ်လို့ ဆိုလာပါတယ်။

ကူလီဘလီက – “ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဒီရာသီမှာ ရယူနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်က ချဲလ်ဆီးနဲ့ အတူ သမိုင်းသစ် ရေးထိုးချင်ပါတယ်။

ကျွန်တော်က ကျွန်တော့်ကို အရမ်း လိုချင်တဲ့ နည်းပြတယောက်ဆီ ပြောင်းရွှေလာပေမယ့် အခုတော့ သူက မရှိတော့ပါဘူး။ တူချယ်လ်နဲ့ ပေါ်တာတို့ နှစ်ယောက်လုံးက ၃ယောက်တန်း ခံစစ်ကြောင်းကို သုံးစွဲကြတဲ့ နည်းပြတွေပါ။

ကျွန်တော်က နာပိုလီမှာ ၄ယောက်တန်း ခံစစ်ကြောင်းနဲ့ပဲ ကစားခဲ့ဖူးပေမယ့် နည်းစနစ်အသစ်တွေကို လေ့လာဖို့ အဆင်သင့်ပါပဲ” လို့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။

ကူလီဘလီက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာမှ နာပိုလီ ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

ကူလီဘလီက နယ်မြေသစ် တခုကနေ အင်္ဂလန်မြေဆီ ရောက်လာသူ ဖြစ်ပေမယ့် ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ အရည်အသွေးကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး သူဟာ ဒီရာသီမှာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူပေးထားပါတယ်။