ဒိုလေး အပါအဝင် မန်ယူ တိုက်စစ်မှုးတွေ မဟန်တာကို ထောက်ပြပြီး ရွန်းနီလက်သစ် ခေါ်ဖို့ အိုဝင် တိုက်တွန်း
မန်ချက်စတာ ယူနိုက်တက်မှာ တိုက်စစ်မှုးတွေ ဖြစ်တဲ့ စီ ရော်နယ်ဒို၊ မားကပ် ရက်ဖို့ဒ်နဲ့ အန်တိုနီ မာရှယ်တို့ကိုပဲ အားကိုးနေလို့ မရကြောင်း မန်ယူ တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က သတိပေးလိုက်ပြီး ရွန်းနီ လက်သစ် ကစားသမားမျိုးကို ခေါ်သင့်ကြောင်း တိုက်တွန်း ပြောဆိုသွားပါတယ်။
ရော်နယ်ဒို က အရွယ်ရလာပြီ ဖြစ်သလို မာရှယ်ကလည်း တပွဲကောင်းလောက်သာ တိုးပြီး ရက်ဖို့ဒ်ကလည်း တည်ငြိမ်တဲ့ ခြေစွမ်းတွေ ရှိမနေတာကို အိုဝင်က အသေးစိတ် ထောက်ပြသွားခဲ့ပါတယ်။
” ခရစ္စတီယာနို ရော်နယ်ဒိုက မငယ်တော့ဘူးလေ။ နောက်ထပ် လေး ငါးနှစ်တော့ သူ ကစားနိုင်မှာ မဟုတ်ဘူး။ ဒီရာသီကတော့ သူ့ရဲ့ နောက်ဆုံးရာသီ ဖြစ်ရင် ဖြစ်သွားနိုင်သေးတယ်။ ဒီတော့ သွင်းဂိုးတွေ ဘယ်က ရနိုင်မလဲ တွေးရတော့မယ်။

မားကပ် ရက်ဖို့ဒ်က ဂိုးတွေ အမြဲသွင်းပေးနေသူပါ၊ ဒါပေမယ့် လုံးဝ ထူးချွန်တဲ့ တိုက်စစ်မှုး တော့ မဟုတ်ဘူး။ မာရှယ်ရဲ့ အခွင့်အရေးနဲ့ အချိန်တွေကလည်း အတော် ကျော်လွန်သွားခဲ့ပါပြီ။ သူကလည်း ဘယ်တုန်းကမှ ဂိုး ၂ဝ လောက် ထိ သွင်းမယ့် စိတ်ချရတဲ့ တိုက်စစ်မှုး မဟုတ်ခဲ့ဘူး လို့ ပြောရမယ်။
ဒီတော့ ဒီ သွင်းဂိုးတွေနဲ့ ပတ်သတ်တဲ့ ကိစ္စကို ယူနိုက်တက် တချိန်မဟုတ် တချိန် ဖြေရှင်းရမှာပဲ။
ခံစစ်ပိုင်း အတွက် ဒီနှစ်တွေ အတွင်းမှာ သူတို့ အတော် ငွေသုံးလာတာပါ။ ဒါပေမယ့် အစွန်ခံစစ်က မေးခွန်းထုတ်စရာ ရှိနေတုန်းပဲ။ ဘစ်ဆာကာ၊ လုခ်ရှောတို့ကို ငွေတွေ သုံး ခေါ်ခဲ့ပေမယ့် သူတို့ကို လူစာရင်းထဲ လောလောဆယ်တောင် မထည့်ချင်ကြတော့ဘူး။
ကျနော်သာ မန်ချက်စတာ ယူနိုက်တက်က ဆိုရင် နောက်ထပ် ဝိန်းရွန်းနီ လက်သစ်ကို ရှာမှာပါ။ နောက်ထပ် အသက် ၁၈၊ ၁၉၊ ၂ဝ လောက် ကစားသမား။ ကစားသမား အသစ် တစ်ယောက်ကို ဝယ်မယ် ဆိုရင် အနည်းဆုံး ဆယ်စုနှစ်လောက်တော့ အဲဒီနေရာမှာ ခြေကုပ်ရနေရမယ်။
ဒါပေမယ့် လောလောဆယ် အဲဒီလို လုပ်နိုင်တာ တစ်ယောက်မှ မရှိသေးဘဲ ဇာတ်လမ်းက ပြီး ပြီးသွားတယ်။ သူတို့ ကာဆီမီရို၊ ရော်နယ်ဒိုတို့လို ကစားသမားတွေကို အခု ခေါ်မယ် ဆိုရင် မကြာခင်တော့ အစားထိုးရဦးမှာပဲ။ ” လို့ မိုက်ကယ်အိုဝင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။