မက်ဆီက ဘလွန်းဒီအော ဆု ပိုရသွားလို့ စီ ရော်နယ်ဒို ဘယ်လောက် ခါးသီးခဲ့သလဲ ဖော်ထုတ်လိုက်တဲ့ နည်းပြ ဆာရီ

ပေါ်တူဂီ တိုက်စစ် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ နိုင်လိုစိတ်၊ ပြိုင်ဆိုင်လိုစိတ် အလွန်ပြင်းထန်တဲ့ ကစားသမားပါ။ လေ့ကျင့်ရေးကွင်းက ပွဲငယ်လေးတွေမှာတောင် အနိုင်ရချင်တဲ့ ကစားသမားတစ်ဦးအနေနဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီက သူ့ထက် ဘလွန်းဒီအောဆု ပိုများနေတဲ့အပေါ် ဘယ်လောက်တောင် ခံစားရမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်မှာပါ။

ဂျူဗင်တပ်နည်းပြဟောင်း ဆာရီက ဂျူဗီမှာ စီရော်နယ်ဒိုနဲ့ လက်တွဲစဉ်တုန်းက မက်ဆီက သူ့ထက် ဘလွန်းဒီအော ဆု အရေအတွက် သာလွန်သွားတဲ့အခါ ရော်နယ်ဒို တစ်ယောက် ဘယ်လိုခံစားခဲ့ရသလဲဆိုတာကို မကွယ်မဝှက် ဖွင့်ဟခဲ့ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဆိုတာ (၂၁) ရာစု ဘောလုံးကမ္ဘာရဲ့ အလင်းလက်ဆုံးကြယ်ပွင့်တွေ ဖြစ်ပါတယ်။ သူတို့လို ကစားသမားတွေကို ဘောလုံးကမ္ဘာထဲ နောက်ဘယ်တော့မှ မြင်တွေ့ရနိုင်မယ် မသိပါဘူး။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တွန်းအားပေးရင် အမြင့်ဆုံးအဆင့်အထိ ရောက်ရှိအောင် တက်လှမ်းလာခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အရင်တုန်းက ဘလွန်းဒီအောဆု (၅) ကြိမ်စီနဲ့ အပြိုင် ဖြစ်နေရာမှ နောက်ပိုင်းနှစ်တွေမှာ မက်ဆီက ကျော်တက်သွားခဲ့ပြီး (၇) ကြိမ် အထိ ရယူနိုင်ခဲ့ပါတယ်။

ဒါဟာ နိုင်လိုစိတ်ပြင်းပြလွန်းသူ စီရော်နယ်ဒိုအတွက် တော်တော်လေး ခါးသီးစရာကိစ္စပါပဲ။ ဂျူဗင်တပ်နည်းပြ ဖြစ်ခဲ့သူ ဆာရီကိုယ်တိုင်ကလည်း မက်ဆီတစ်ယောက် ဘလွန်းဒီအော ဆု (၇) ကြိမ်မြောက် ရသွားတာဟာ စီရော်နယ်ဒိုကို တော်တော်လေး မခံချိမခံသာဖြစ်စေခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

“မက်ဆီက သူ့ထက် ဘလွန်းဒီအော ဆု ပိုရသွားတာ စီရော်နယ်ဒိုကို စိတ်ဒုက္ခပေးခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ နှစ်ယောက်မရှိနိုင်တဲ့ အံ့ဖွယ်ကစားသမားမျိုးဖြစ်ပါတယ်”လို့ ဆာရီက ပြောဆိုသွားခဲ့တာပါ။

လက်ရှိမှာလည်း မန်ချက်စတာ ယူနိုက်တက်မှာ စီရော်နယ်ဒိုရဲ့ ကစားသမားက တော်တော်လေး ဇာတာကျနေတဲ့ အနေအထားလို့ ဆိုရမှာပါ။

စီရော်နယ်ဒိုဟာ နည်းပြတန်ဟတ်လက်အောက်မှာ အတော် ရုန်းကန်နေရခဲ့ပြီး စပါးနဲ့ပွဲမှာ ပွဲမပြီးခင် ကွင်းထဲကနေ ထွက်ခွာသွားမှုကြောင့် ချဲလ်ဆီးနဲ့ပွဲမှာ လူစာရင်းမှာတောင် ချန်လှပ်ခံခဲ့ရပါတယ်။ စီရော်နယ်ဒိုအနေနဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှ အသင်းကနေ ထွက်ခွာမယ်လ်ု့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။