မန်ယူနဲ့ ဆုံရင် မရှုံးတဲ့ မှတ်တမ်း ဆက်ထိန်းသွားတဲ့ အမ်မရီ၊ အရင်ပုံစံတွေ ပြန်ပေါ်လာတဲ့ မန်ချက်စတာ ယူနိုက်တက်

အူနိုင်း အမ်မရီရဲ့ အက်စတွန် ဗီလာနဲ့ ပွဲဦးထွက်ကတော့ အိမ်ကွင်း ဗီလာပါ့ခ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ် နိုင်ပြီး အဖွင့်လှသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ဦးဆောင် ဂိုး ၂ဂိုး ၁ဝ မိနစ် အတွင်း ပေးခဲ့ရပြီး ပြန်လိုက် ကစားပေမယ့် အဆုံးမှာ ၃-၁ နဲ့ ရှုံးခဲ့ရတာပါ။

ဗီလာက ပွဲစတာနဲ့ ယူနိုက်တက်ခံစစ်ကို လျင်လျင်မြန်မြန်နဲ့ ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး လီယွန်ဘိုင်လီကလည်း မာတီနက်ဇ်ကို ကျော်ဖြတ်ပြီး (၂) မိနစ်မှာတင် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် (၁၀) မိနစ်မှာ ယူနိုက်တက်နောက်တန်းက အမှားထပ်မံကျူးလွန်ခဲ့ပြီး အဲ့ဒီကတဆင့် ပေးလိုက်ရတဲ့ ပြစ်ဒဏ်ဘောကို ဒစ်ဂ်နေးက လှလှပပကန်သွင်းပြီး ဗီလာတို့ (၁၀) မိနစ်နဲ့ နှစ်ဂိုးရရှိခဲ့ပါတယ်။

ယူနိုက်တက်က ဒီပွဲမှာ တိုက်စစ်ပိုင်း အားနည်းခဲ့ပြီး အန်တိုနီ၊ ဆန်ချို၊ ဘရူနိုဖာနန်ဒက်စ်တို့ မပါဝင်နိုင်ခဲ့တာက အသင်းကို တော်တော်လေး သိသာစေခဲ့ပါတယ်။

တိုက်စစ်က ရော်နယ်ဒို၊ ဂါနာချို၊ ရပ်ရှ်ဖို့ဒ်တို့က အလုပ်မဖြစ်ဘဲ ဗီလာခံစစ်ကို အန္တရာယ်ရှိလောက်အောင် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

ပထမပိုင်းပြီးခါနီးမှာပဲ လုခ်ရှောရဲ့ ကန်ချက်က လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားတာကပဲ ချေပဂိုးတဂိုးရရှိခဲ့ပါတယ်။ ယူနိုက်တက်တို့ ဒုတိယပိုင်းမှာလည်း ဆက်လက်ဖိအားပေးခဲ့ပေမယ့် မထင်မှတ်ဘဲ ဂိုးထပ်ပေးလိုက်ရပါတယ်။

ဝက်ကင်စ်ရဲ့ ဖန်တီးပေးမှုကတဆင့် တယောက်တည်း လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့ ဂျာကော့ဘ်ရမ်ဆေးက ပိတ်သွင်းယူခဲ့ပါတယ်။

ဂျာကော့ဘ်ရမ်ဆေးက ဒီပွဲမှာ ဗီလာရခဲ့တဲ့ သွင်းဂိုးသုံးဂိုးလုံးမှာ ပါဝင်ပတ်သက်ခဲ့ပြီး လီယွန်ဘိုင်လီရဲ့ဂိုးမှာ ဖန်တီးပေးခဲ့သလို ဒစ်ဂ်နေးရဲ့ ဖရီးကစ်ကလည်း သူ့ကြောင့်ရရှိခဲ့တာပါ။ အဲ့ဒီနောက် ယူနိုက်တက်က အီလန်ဂါ၊ မာစီရယ်လ်၊ မာလာစီယာတို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်တို့ အပိုင်အခွင့်အရေးတွေ ထပ်မံမဖန်တီးနိုင်ခဲ့ဘဲ အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နည်းပြ အူနိုင်းအမ်မရီအတွက်ကတော့ အသင်းသစ် အက်စတွန်ဗီလာ နဲ့ အဖွင့်ပွဲမှာတင် မျက်နှာပန်းလှသွားခဲ့ပြီး ယူနိုက်တက်နဲ့ ၄ ပွဲ ရင်ဆိုင်ဖူးရာမှာ မရှုံးဖူးတဲ့ မှတ်တမ်းကိုလည်း ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။